၂၉-၃-၂၀၁၈ ၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၃/၂၀၁၈ ကြိမ်မြောက်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နေ့လည် (၁၄:၀၀) နာရီတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြု ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများက အရာရှိကြီးများ တက်ရောက်ကြပါသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၈ ခုနှစ်အတွင်း (၃)ကြိမ်မြောက် ကျင်းပ သော အစည်းအဝေးဖြစ်ပြီး အကြံပြုချက်များအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ အကြံပြုချက်များအနက် ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက် နိုင်သောအချက်များပါဝင်သကဲ့သို့ ချက်ချင်းလက်ငင်း ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ အချိန်ယူဆောင်ရွက် ရမည့် အချက်များလည်းရှိနေပါကြောင်း၊ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ခက်ခဲသော အချက်များလည်း ရှိနေပါကြောင်း၊ လက်ရှိတွင် ပြန်လည်လက်ခံရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ အကြံပြု ချက်ပါလုပ်ငန်းများနှင့်လည်းဆက်စပ်လျှက်ရှိပါကြောင်း၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးကော်မတီကို အသစ်ထပ်မံဖွဲ့စည်းခဲ့ပြီးမိမိမှ ဥက္ကဌတာဝန်ထမ်းဆောင်နေပါကြောင်း၊ UEHRD တွင်လည်း ဒုတိယဥက္ကဌအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီတွင်လည်း ဥက္ကဌအဖြစ်လည်းကောင်း၊ ဒေသတွင်းပြန်လည်နေရာချ ထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီတွင်လည်း ဥက္ကဌအဖြစ်လည်း ကောင်းမိမိ တာဝန်ထမ်းဆောင်နေပြီး ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးကိစ္စများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကော်မတီတစ်ခုနှင့်တစ်ခု ဆက်စပ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပြန်လည် လက်ခံရေးဆိုင်ရာဆောင်ရွက်ချက်များကို အသစ်ဖွဲ့စည်းထားသောကော်မတီသို့ တင်ပြရန်ဖြစ်ပြီး အဆိုပါ ကော်မတီမှ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော် မတီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ UEHRD ထံမှ လိုအပ်သော အကူအညီများ ရယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ဖွဲ့စည်းထားသည့် မောင်တောခရိုင်မီးလောင်မြေရှင်း လင်းရေးနှင့်ပြန်လည်နေရာချထား ရေးလုပ်ငန်းကော်မတီနှင့် ဆက်စပ်ကော်မတီများကို ကြီးကြပ်လမ်းညွှန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများ အလိုက်ဆောင်ရွက်နေမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ပေးကြပါရန်နှင့် ဆောင်ရွက်ရန် ကျန်ရှိနေသည့် အချက်များကို တစ်ချက်ချင်းအလိုက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး တိုးတက်အောင် ဆောင်ရွက်ပေးကြရန် ဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကဆွေးနွေးရာတွင် အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ပေးနေကြသည့် ဝန်ကြီးဌာနများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပြန်လည် လက်ခံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ပြီး ဆောင်ရွက်ချက်များ အစီရင် ခံခြင်းကိုလည်း အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရာတွင် လုံခြုံရေးကိစ္စကို ပူးတွဲစဉ်းစားရန်လိုအပ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ဟန်ချက် ညီစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ IDP စခန်းများ ပိတ်သိမ်းရေးနှင့် ပတ်သက်၍ ကျောက်တော်IDP စခန်းကဲ့သို့ အမြန်ဆုံးပိတ် သိမ်းရေးဆောင်ရွက်နိုင်မည့်စခန်းများကို ဦးစားပေးဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ သတင်းရယူခွင့်နှင့်ပတ်သက်၍ လိုအပ်သည်များကို တိုးမြှင့်ဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများ တိုးမြှင့်တွေ့ဆုံနိုင်ရေး ဆောင်ရွက်သကဲ့သို့ ဆွေးနွေးမှုမှရရှိလာသည့် အကြောင်းအရာများ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဖြစ်စဉ်ကြောင့် ပုဒ်မ -၁၄၄ ထုတ်ပြန်ထားသောနေရာများအနက် ရသေ့တောင်ကို ဦးစွာရုပ်သိမ်းခဲ့ပါကြောင်း၊ ဆက်လက်ပြီး ကျန်ဒေသ များကိုလည်း ရုပ်သိမ်းသွားမည်ဖြစ်ပါကြောင်း၊ ပညာရေးစီမံချက်တွင် ဗမာစကားဖြင့် သင်ကြားနိုင်ရေး၊ ဗမာစာ တတ်မြောက်နှုန်းမြင့်မားရေး တိုးမြှင့်ပေးမည့်အစီအမံ ထည့်သွင်းရေးဆွဲပေးရန် လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ တွဲဖက် အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်နှင့် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးတင်ပြခဲ့ပြီး လိုအပ်သည်များကို ကော်မတီဥက္ကဌနှင့် ပူးတွဲဥက္ကဌတို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကာ အစည်းအဝေးကို (၁၇:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။