၂၉-၃-၂၀၁၈၊ နေပြည်တော်
မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို (၂၉.၃.၂၀၁၈) ရက်နေ့၊ နံနက် (၉း၃၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကအဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို (၂၀.၁၁.၂၀၁၇) ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ ယနေ့ကျင်းပသော အစည်း အဝေးသည် ဒုတိယအကြိမ်အစည်းအဝေးဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေ (မူကြမ်း) ရေးဆွဲနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ဝင်များဖြင့် အစည်းအဝေး(၂)ကြိမ်ကျင်းပခဲ့ပြီး အကြံပြုချက်များရယူခဲ့ပါ ကြောင်း၊ ယခုလိုနည်းဥပဒေမူကြမ်းထွက်ရှိရေးအတွက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများက စေတနာထား ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သက်ကြီးရွယ်အို သက်သေခံကတ်ပြားရရှိနိုင်ရေး၊ ရန်ပုံငွေထူထောင်ရေးတို့အတွက် တာဝန်ရှိသူများအားလုံးကပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ နည်းဥပဒေထွက်ရှိခြင်းမရှိသေးသော်လည်းလက်ရှိတွင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက်(၉၀) နှစ်နှင့် အထက် ဘိုးဘွားများကိုလူမှုရေးပင်စင်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဆက်လက်ပြီးနိုင်ငံတော်၏ ဘတ်ဂျက်ရန်ပုံငွေပေါ်မူတည်ပြီးနောင်နှစ်များတွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများကိုထောက်ပံ့ရန် စီစဉ်ထားပါကြောင်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာနညွှန်ုကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး ကသက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေမူကြမ်းနှင့် ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြပါသည်။ဆက်လက်၍ဥပဒေအကြံပေးဦးကျော်စိန်ကနည်းဥပဒေမူကြမ်းတွင်ပါရှိသည့် ဥပဒေရေးရာကိစ္စရပ်များကိုရှင်းလင်းခဲ့ပါသည်။ ၎င်းနောက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီဝင်များကနည်းဥပဒေတွင်ပါဝင်သည့် သက်ကြီးရွယ်အိုများရသင့်ရထိုက်သော အခွင့်အရေး များနှင့် ဝန်ကြီးဌာနများက ဆောင်ရွက်နိုင်မည့်အခြေအနေများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီး နည်းဥပဒေတွင် ထည့်သွင်းရေးဆွဲမည့် ကျန်းမာရေးနှင့် လူမှုရေးအထောက်အပံ့ပေးနိုင်မည့်အချက်များကို အတည်ပြု ဆုံးဖြတ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။