၂၉-၃-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Mr. David Liu နှင့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Blue Sky အဖွဲ့အစည်း၏ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစ၍ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ၂၀၀၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံတွင် အကြီးဆုံးပုဂ္ဂလိက အဖွဲ့အစည်းဖြစ်ပြီးနိုင်ငံပေါင်း (၇) နိုင်ငံတွင် ဘေးအန္တရာယ်ဆိုင်ရာနှင့် ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများ၊ သင်တန်းများဖွင့်လှစ်ဆောင်ရွက်နေမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးဆောင်ရွက် နေသူများအားအရည်အသွေးမြှင့်တင်ရေးကိစ္စရပ်များ ဝန်ကြီးဌာနမှဖွင့်လှစ်ထားသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ မူဝါဒအသစ်များချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Blue Sky အဖွဲ့အစည်းတို့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ၂၈-၃-၂၀၁၈ နေ့ ညနေပိုင်းတွင် Centre for Humanitarian Dialogue မှ Country Representative ဖြစ်သူ Mr. Adam Cooper နှင့်အဖွဲ့က အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင် အထည်ဖော်ဆောင်နေမှုများ၊ နိုင်ငံတွင်းပြန်လည်ဝင်ရောက်လိုသူများ အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ နှင့် အဆင်ပြေချောမွေစွာလက်ခံနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှု များ၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် နိုင်ငံသားဖြစ်မှုစိစစ်ရေးနှှင့် တရားဥပဒေစိုးမိုးမှုအားကောင်းစေရန် အရှိန် မြှင့်တင်ဆောင်ရွက်နေမှုများ၊ လူ့အဖွဲ့အစည်းအတွင်းတင်းမာမှုများလျှော့ချနိုင်ရေး ကြိုးပမ်းနေမှုများ၊ ရပ်ရွာအတွင်းညှိနှိုင်းဆောင်ရွက်ရေးလုပ်ငန်းစနစ် (Communnity Consultation Mechanism Program) အစီအစဉ် ဖော်ဆောင်နိုင်ရေးကိစ္စများ၊ CHD အဖွဲ့မှ ဦးဆောင်၍ မြန်မာနှင့်ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့မှ အစိုးရမဟုတ်သော ကျွမ်းကျင်ပညာရှင်များစင်္ကာပူနိုင်ငံတွင် (၂)ကြိမ်တိုင်တွေ့ဆုံဆွေးနွေးခဲ့မှုများ၊ CHD အဖွဲ့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်လေ့လာခဲ့ပြီးအစီရင်ခံစာအကျဉ်းအားတင်ပြမည့်ကိစ္စများ၊ CHD မှ အဆိုပြုလာသည့် စီမံကိန်းအစီအစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။