မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပပြုလုပ်သည့် အာဆီယံဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့၏(၉)ကြိမ်မြောက် လုပ်ငန်းဝင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂၆-၃-၂၀၁၈)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် နေပြည်တော်၊ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံအဆင့် အရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN Response and Assessment Team-ERAT) သင်တန်းများကို ၂၀၁၀ခုနှစ်တွင် စင်္ကာပူနိုင်ငံ၌ စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယခု(၉)ကြိမ်မြောက်သင်တန်းကို မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင် အဖြစ် လက်ခံကျင်းပပြုလုပ်နိုင်သည့်အတွက်များစွာ ဝမ်းမြောက်ဂုဏ်ယူ မိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ၊ အာဆီယံအတွင်းရေး မှူးချုပ်ရုံးနှင့် AHA Centre တို့မှ တာဝန်ရှိသူများကိုလည်း လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ မိမိတို့ နေထိုင်သည့် အာဆီယံဒေသသည် ဘေးအန္တရာယ်မျိုးစုံ ဖြစ်ပွားနိုင်သည့် နေရာတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအားလုံးတွင် တူညီသည့် လူမှုစီးပွားအခြေအနေ၊ မတူကွဲပြားမှုများ၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် အနေအထားတို့ ရှိကြပါကြောင်း၊ ထိုနည်းတူစွာ ဘေးအန္တရာယ်၏ စိန်ခေါ်မှုများမှာလည်း ညီတူညီမျှရှိနေသည်ဖြစ်ရာ အာဆီယံဒေသ အနေဖြင့် ရရှိပြီးသောဖွံ့ဖြိုးမှု အသီးအပွင့်များနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာ ကောင်းများကို ဘေးအန္တရာယ်များမှ ကာကွယ်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း သဘာဝဘေးအန္တရာယ် မျိုးစုံဖြစ်ပွားလျက်ရှိပြီး များမကြာမီနှစ်များအတွင်း လေပြင်းဘေး၊ ကမ်းပြိုဘေးနှင့် မိုးကြိုးဘေးတို့ကို ဒေသအများစုတွင် မကြာခဏ တွေ့ကြုံနေရပါကြောင်း၊ အဆိုပါ ဘေးများသည် ဒေသအလိုက်ဖြစ်ပွားသည့် ဘေးများ ဖြစ်သော်လည်း ဖြစ်ပွားသည့် အကြိမ်ရေများပြားသည့်အတွက် မိမိဝန်ကြီးဌာနအနေဖြင့် ထိခိုက်မှုလျှော့ချရေး လုပ်ငန်းများကို အထူးအလေးပေး၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် နိုင်ငံတော်အဆင့်တွင် ဒုတိယသမ္မတဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပြီး စီမံခန့်ခွဲမှု လုပ်ငန်းများ ထိရောက်အောင်မြင်စေရေးအတွက် လုပ်ငန်းကော်မတီ(၁၂)ခု ကိုလည်း ဖွဲ့စည်း ထားပါကြောင်း၊ အဆိုပါကော်မတီနှင့်လုပ်ငန်းကော်မတီများသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ရပ်ရွာအဆင့် တွင်လည်း လူမှုရေးအသင်းအဖွဲ့များ၊ ဖောင်ဒေးရှင်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသည့် စေတနာ့ဝန်ထမ်းအဖွဲ့များရှိပါကြောင်း၊ ဒေသတွင်းအဆင့်တွင်လည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများကို တာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခု အနေဖြင့် အာဆီယံလူသားချင်း စာနာကူညီမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (AHA Centre) နှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဆင့်တွင် ERAT သင်တန်းအောင်မြင်ပြီးသူ (၁၅)ဦးရှိခဲ့ပြီး ယခု(၉)ကြိမ်မြောက် သင်တန်းပြီးစီးပါက မြန်မာနိုင်ငံအဆင့်တွင် သင်တန်းသားစုစုပေါင်း(၂၂)ဦးရှိ မည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ဒေသတွင်းအဆင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များကို ဖွဲ့စည်းထားခြင်း အားဖြင့် အာဆီယံဒေသတွင်းနှင့် ဒေသပြင်ပတို့၌ ဘေးအန္တရာယ် ကျရောက်ချိန်များတွင် “တစ်ခုတည်းသောအာဆီယံ” ရပ်တည်ချက်ဖြင့် အရေးပေါ်တုံ့ပြန်မှုများကို လျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ထားခြင်းအားဖြင့် နိုင်ငံတော်အဆင့်သာမက ဒေသတွင်းအဆင့် တုံ့ပြန်မှု စွမ်းဆောင်ရည်များကို တည်ဆောက်ပေးနိုင်မည်ဖြစ်ရာ များစွာအကျိုးရှိသည့် သင်တန်းဖြစ်ပါကြောင်း၊ AHA Centre နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရခိုင်ပြည်နယ်အတွင်းရှိ ဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ကူညီပေးခဲ့မှုများ ကိုလည်း အထူးအသိအမှတ်ပြုပါကြောင်း၊ ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေး အတွက် နည်းပညာပံ့ပိုးပေးသည့် AHA Centre နှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများမှ သင်တန်းသားများကိုလည်း ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ AHA Centre မှ ကိုယ်စားလှယ်ဖြစ်သူ၊ Mr. Janggam Adhityawarma မှ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ (၉)ကြိမ်မြောက် သင်တန်းကို မြန်မာနိုင်ငံတွင် ကျင်းပနိုင်သည့်အတွက် များစွာကျေးဇူးတင်ရှိပါ ကြောင်း၊ ERAT သင်တန်းသည် ဒေသတွင်းအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာဆိုင်ရာ ဗဟုသုတနှင့်ကျွမ်းကျင်မှုများကို သင်ကြားပေးရုံမျှ သာမက တစ်ခုတည်း သော အာဆီယံ၊ တစ်ခုတည်းသောတုံ့ပြန်မှုကို ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံ နိုင်ငံများအကြား မိတ်ဖက်ပူးပေါင်းမှုနှင့် ရင်းနှီးချစ်ကြည်မှုတို့ကိုပါ တည်ဆောက်ပေး နိုင်ရန်မျှော်လင့်ပါကြောင်း၊ နိုင်ငံအသီးသီး၏ အတွေ့အကြုံနှင့် ဗဟုသုတများကိုပါ ဖလှယ်ရယူခြင်းအားဖြင့် ပိုမို ပြည့်ဝကောင်းမွန်သည့် သင်ကြားသင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ လုပ်ငန်းဝင် သင်တန်း များကို စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းတို့တွင် အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး (၉)ကြိမ်မြောက် သင်တန်းကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ (၉)ကြိမ်မြောက်သင်တန်းပြီးစီးပါက အာဆီယံဒေသတွင်း အဆင့်တွင် ERAT အဖွဲ့ဝင်စုစုပေါင်း(၂၅၃)ဦးရှိမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကျင်းပ သည့်သင်တန်းသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ AHA Centre၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ သင်တန်းသား စုစုပေါင်း(၃၁)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို စာတွေ့နှင့်လက်တွေ့ လေ့ကျင့်မှုပေါင်းစပ်၍ (၇)ရက်ကြာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။