
၂၆.၃.၂၀၁၈ နေပြည်တော်
၂၀၁၈ခုနှစ်၊ မတ်လ(၂၆)ရက်နေ့တွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ရေးဆွဲရေး (ပထမအကြိမ်) အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါအစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လူငယ် ကိုယ်စားလှယ်များ၊ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူငယ်မူဝါဒကို လက်တွေ့အကောင်အထည် ဖော်ရန်အတွက် ယခုမဟာဗျူဟာရေးဆွဲရေး လုပ်ငန်းစဉ်သည် အရေးကြီးပါကြောင်း၊ ရေးဆွဲရာတွင် လက်တွေ့အကောင်အထည် ဖေါ်နိုင်မည့် မဟာဗျူဟာစီမံချက်ပေါ်လာရန်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖေါ်ရန် ဘတ်ဂျက်ရရှိမှုသည်လည်း အရေးကြီးပါ ကြောင်း၊ လူငယ်ကဏ္ဍအတွက် အသုံးပြုရန်ဘတ်ဂျက်ရရှိနိုင်ရေးတွင် လွှတ်တော်ဆက်စပ် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေဖြင့်လည်း မိမိတို့၏ စီမံကိန်လျာထားမှုများတွင် ထည့်သွင်းလျာထားရန် လိုအပ်ပါကြောင်း၊ လူငယ်ကိုယ်စားလှယ်များအနေဖြင့်လည်း လူငယ်မူဝါဒလက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။