၂၅-၃-၂၀၁၈၊ နေပြည်တော်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အုတ်တွင်းမြို့သို့ရောက်ရှိကြပြီး မြို့နယ်အစည်းအဝေးခန်းမတွင် မိုင်းဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိသော မသန်စွမ်းသူ များအား လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့မှုများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးအရ မသန်စွမ်းသူများအနေဖြင့် တန်းတူအခွင့်အရေးရှိပါ ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးကိုရရှိစေရေး အတွက်ဥပဒေ၊ နည်းဥပဒေနှင့် အမျိုးသားအဆင့် ကော်မတီများဖွဲ့စည်းပြီး အလေးထားဆောင်ရွက်ပေး နေပါကြောင်း၊ နောင်မကြာမီကာလတွင် မသန်စွမ်း များအတွက်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး လစဉ်ထောက်ပံ့ငွေပေးသော စနစ်တစ်ခုဖြစ်ပေါ်လာ မည်ဖြစ်ပါ ကြောင်း၊ ယခုအခါတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့ ခြင်းများ ဆောင်ရွက်ပေးနေပါကြောင်းနှင့်သက်ကြီးရွယ်အို လစဉ်ထောက်ပံ့ ကြေး၊ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းကမွေးဖွားသောကလေး(၂)နှစ်အထိ လစဉ်ထောက်ပံ့ကြေးငွေပေးအပ်သော စနစ်များကိုလည်း ပေးအပ် နေပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောကြားကာ မသန်စွမ်းသူ(၁၇၇၇)ဦး အတွက် ထောက်ပံ့ငွေကျပ်(၈၈၈.၅)သိန်း၊ အမျိုးသမီးဦးဆောင်သော မိသားစု(၃၉၄၈) အတွက် (၅၉၂.၂) သိန်းတို့ လက်ခံရယူပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ကြီးမြို့နယ်သို့ရောက်ရှိကြပြီး မိုင်းဒဏ် ကြောင့် မသန်စွမ်းသူများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ကိုယ်အင်္ဂါ မသန်စွမ်းသူ၊ ဉာဏ်ရည်မသန် စွမ်းသူ၊ အမြင်အာရုံမသန်စွမ်းသူနှင့်အကြား အာရုံမသန်စွမ်းသူဟူ၍ မသန်စွမ်း(၄)မျိုးရှိရာမှယနေ့ မိုင်းဒဏ် ကြောင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ပြီး ကိုယ်အင်္ဂါမသန်စွမ်းသော်လည်း စိတ်သန်စွမ်းနိုင်ရေး လိုအပ်သဖြင့် စိတ်ဓါတ်မကျဘဲ ပိုမိုစွမ်းဆောင်နိုင်ရန် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ တတ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောက်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်အဆင့်ရုံးများ ဖွင့်လှစ်ပြီးဒေသခံပြည်သူများ၊ လူမှုရေး အဖွဲ့ အစည်းများနှင့်ပူးပေါင်းကာ ဘေးဒဏ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြောကြားပြီး မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ(၃၇၃)ဦးအတွက် (၁၈၆.၅) သိန်းကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဆန်းဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် မသန်စွမ်းသူ(၆၉၀)ဦးအတွက် ထောက်ပံ့ငွေကျပ်(၃၄၅)သိန်းကိုလည်းကောင်း၊ ညောင်လေးပင်မြို့နယ် စည်ပင်သာယာ ရေးရုံး သီရိရတနာခန်းမတွင် မသန်စွမ်းသူ(၁၄၈)ဦးအတွက် ထောက်ပံ့ငွေကျပ် (၇၄)သိန်းနှင့် အမျိုးသမီးဦးဆောင်သော မိသားစု(၅၅၈)ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၈၃.၇)သိန်းတို့ကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများကလက်ခံရယူပြီး ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်တို့က ကျေးဇူးတင်စကား များပြန်လည် ပြောကြားခဲ့ကြပါ သည်။ အထက်ပါအခန်းအနားများသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဌ ဦးကြည်ဇင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများတက်ရောက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့မှု စုစုပေါင်းမှာ ကျပ် (၂၁၆၉.၉) သိန်းဖြစ်ကြောင်း သတင်းရရှိပါသည်။