ပဲခူးတိုင်းဒေသကြီး၊သာယာဝတီ၊လက်ပံတန်း၊မိုးညိုမြို့နယ်များရှိ မသန်စွမ်းသူများနှင့် အမျိုးသမီး ဦးဆောင်သော မိသားစုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပြည်ထောင်စု ၀န်ကြီးဒေါက်တာဝင်းမြတ်အေး ပြုလုပ်မှုသတင်း

25_Pic_02

၂၄-၃-၂၀၁၈   နေပြည်တော်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိသာယာဝတီ၊လက်ပံတန်းမြို့နယ်များရှိ မသန်စွမ်းသူများနှင့် အမျိုးသမီးဦးဆောင်သောမိသားစုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့ ခြင်းအခမ်းအနားကို သာယာဝတီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနဟူ၍ ဖွဲ့စည်းထားရှိပြီး ပြည်သူလူထု၏ လိုအပ်ချက်များကိုထောက်ပံ့ကူညီရန်အတွက် ဦးစီးဌာနများက ဆောင်ရွက်ပေးနေကြပါကြောင်း၊ ပဋိသန္ဓေတည်ချိန်မှစ၍ သက်ကြီးရွယ်အိုဖြစ်ချိန်ထိ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်း များစွာရှိပြီး ယခုအစီအစဉ်သည် ဦးစားပေးရွေးချယ်ဆောင်ရွက်ပေးသောအစီအစဉ်ဖြစ်ပြီး ပြည်သူကိုတိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ ယနေ့ထောက်ပံ့မှုများသည် မသန်စွမ်း သူများဘဝ ရပ်တည်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုများတွင် အမျိုးသမီးများ၏ ရင်ဆိုင်နေရသောအခက်အခဲများဖြေရှင်းရန်နှင့် အမျိုးသမီးများ၏စွမ်းရည်ကို မြှင့်တင်ပေးရန် အထောက်အပံ့များဖြစ်စေမည်ဖြစ်ကြောင်း၊ ၀န်ကြီးဌာနအနေဖြင့်ပြည်သူကို တိုက်ရိုက်အကျိုးရှိစေမည့် လူမှုကာကွယ်စောင့်ရှောက်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေး၊ ရှေးဦးအရွယ် ကလေးသူငယ်များကိုစနစ်တကျပြုစုပျိုးထောင်ရေး၊ အထောက်အကူဖြစ်စေရေး၊ ကျောင်းနေရန် အခက်အခဲရှိသောကလေးများအတွက်  မိသားစုကိုပံ့ပိုးမှုအစီအစဉ်များ၊ မသန်စွမ်းများကို လစဉ် ထောက်ပံ့နိုင်ရေးအစီအစဉ်များ၊ လမ်းပေါ်နေကလေးများ၊ စောင့်ရှောက်သူမဲ့ သက်ကြီးရွယ်အိုများ၊ သက်ငယ်မုဒိမ်းကျူးလွန်ခံရသူများ၊ ကလေးစစ်သားစုဆောင်းခံရသူများနှင့် လူကုန်ကူးခံရသူ များ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအစီအစဉ်များ ချမှတ်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက်သာယာဝတီမြို့နယ်ရှိ မသန်စွမ်းသူ(၂၅၁) ဦးအတွက် ထောက်ပံ့ငွေ (၁၂,၅၅၀,၀၀၀ိ/-)၊ အမျိုးသမီးဦးဆောင်သောမိသားစု(၁၇၅၅)အတွက် ထောက်ပံ့ငွေ(၂၆,၃၂၅,၀၀၀ိ/-)နှင့် လက်ပံတန်းမြို့ရှိမသန်စွမ်းသူ(၉၁၆)ဦးအတွက် ထောက်ပံ့ ငွေ (၄၅,၈၀၀,၀၀၀ိ/-)၊ အမျိုးသမီးဦးဆောင်သောမိသားစု (၂၇၈၁)အတွက် ထောက်ပံ့ငွေ (၄၁,၇၁၅,၀၀၀ိ/-) တို့ကိုပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူပြီး ပြည်သူများကိုယ်စား ပြည်သူ့လွွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုညိုမြို့နယ်၊ တက်စွဲကျေးရွာတွင် တည်ဆောက်ထားသည့် ဘက်စုံသုံးအဆောက်အဦဆောက်လုပ်နေမှုကို သွားရောက် ကြည့်ရှုရာ အဆိုပါအဆောက်အဦသည် နှစ်စဉ်ရေဘေးကြုံတွေ့နေရသောတက်စွဲ၊ ထန်းပင်ကုန်း၊ ငါးကျဉ်းနှင့် ထန်းပင်လေးရွာများရှိ ဒေသခံပြည်သူ(၆၆၀)ဦးခန့် ခေတ္တလာရောက်ခိုလှုံနေထိုင်နိုင်ကြောင်းနှင့် သာမန်အချိန်များတွင် လူငယ်စင်တာ၊ စာကြည့်တိုက်နှင့် ကျန်းမာရေးဆေးခန်းနေရာများအဖြစ် အသုံးပြုနိုင်ကြောင်းသိရှိရပါသည်။ ဆက်လက်၍ မိုးညိုမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသောမသန်စွမ်းသူများနှင့် အမျိုးသမီးဦးဆောင်သော မိသားစုများ ၏ လူမှုကာကွယ်စောင့်ရှောက်မှုဆိုင်ရာထောက်ပံ့ပေးအပ်ပွဲသို့တက်ရောက်ပြီး မသန်စွမ်းသူ (၁၈၄၉)ဦးအတွက် ထောက်ပံ့ငွေ (၉၂,၄၅၀,၀၀ိ/-)နှင့် အမျိုးသမီးဦးဆောင်သော မိသားစု (၅၉၈၇)အတွက် ထောက်ပံ့ငွေ (၈၉,၈၀၅,၀၀ိ/-)ကိုထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက ရယူပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။                                                 အထက်ပါအခမ်းအနားများသို့လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာ ၀န်ထမ်း များနှင့် ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရှိရပြီး ယနေ့လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့ငွေစုစုပေါင်းမှာ (၃၀၈,၆၄၅,၀၀ိ/-)ဖြစ်ပါကြောင်း သိရှိပါသည်။  ညနေပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ပြည်မူလတန်းကြို ကျောင်း၌ ကျင်းပပြုလုပ်သည့်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံပွဲတွင် ၀န်ကြီးဌာနက ဆောင်ရွက်နေသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ ပြည်မြို့အခြေစိုက် လူမှုအဖွဲ့အစည်း(၁၄)ခုမှ တာဝန်ရှိသူ(၇၀)ဦးတက်ရောက်ပြီးချိတ်ဆက်ဆောင်ရွက်နိုင်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

ယနေ့ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲခူးတိုင်းလူမှုရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊လူမှုဝန်ထမ်းဦးစီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများလိုက်ပါခဲ့ကြပါသည်။

 

Sign Up

Upcoming Events