နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စားနပ်ရိက္ခာဖူလုံမှုရရှိစေရေး၊လမ်းပန်း ဆက်သွယ် မှုကောင်းမွန်စေရေး၊ အာဟာရချို့တဲ့မှုမရှိစေရေးတို့အတွက် ရေတိုရေရှည် စီမံကိန်း ဆောင်ရွက်နိုင်ရေး ပူးပေါင်းညှိနှိုင်း အစည်းအဝေးပြုလုပ်မှုသတင်း

mm23

၂၃-၃-၂၀၁၈၊ နေပြည်တော်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးရေး၊ ထောက်ပံ့မှုပေးနိုင်ရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ နေ့လည်(၁၃:ဝဝ)နာရီအချိန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် က ဦးဆောင်၍ ကျင်းပခဲ့ပါသည်။  အစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက နာဂ ဒေသအတွင်း လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ အာဟာရချို့တဲ့မှုမရှိစေရေး၊ စာနပ်ရိက္ခာဖူလုံမှု ရှိစေရေးတို့အတွက် ထောက်ပံ့မှုပေးနိုင်မည့်အစီအစဉ်များ ကဏ္ဍ အလိုက် လတ်တလော ဆောင်ရွက်ပေးနိုင်မည့်အခြေအနေနှင့် ရေရှည်ဆောင်ရွက်ပေး နိုင်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး မိမိ၀န်ကြီးဌာနအလိုက် ပံ့ပိုးဆောင်ရွက်ပေး မည့် အခြေအနေများကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events