နေပြည်တော်၊မတ် -၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အခြေခံ လူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လူသားဂုဏ်သိက္ခာပြည့်ဝစွာရပ်တည်နိုင်ဖို့ မူဝါဒချမှတ် ဖော်ဆောင်လျှက်ရှိရာတွင်နိုင်ငံတော်၏လူမှုရေးဆိုင်ရာစိန်ခေါ်မှုများတွင်အပါအဝင်ဖြစ်သည့်ကလေးသူငယ်များအပေါ်ရုပ်ပိုင်းစိတ်ပိုင်းအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကိုရပ်တန့်အောင်မိမိတို့ဝန်ကြီးဌာန၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများ၊ World Vision၊Unicef စသည့်မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကလေး သူငယ် များအပေါ်အကြမ်းဖက်မှုပုံသဏ္ဍာန်များနှင့်ပတ်သက်ပြီး ပပျောက်အောင်ဆောင်ရွက်ရာတွင် အဓိက ကျသည့်အခြေခံအကြောင်းအရာများကိုရှာဖွေကြရမှာဖြစ်ကြောင်း၊မိမိတို့လိုဖွံ့ဖြိုးဖို့ကြိုးစားဆဲ၊ဆင်းရဲသည့်နိုင်ငံအနေဖြင့်ပြဿနာအကြောင်းအရာများစွာရှိသည့်အတွက်မိမိတို့ဝန်ကြီးဌာနအနေဖြင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေသစ်ကိုရေးဆွဲပြီးကလေးငယ်များကိုရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုမိသားစုအတွင်းတွင်လည်းကောင်း၊ စာသင်ကျောင်းများတွင်လည်းကောင်း၊ ကလေးသူငယ်များကိုပြုစုစောင့်ရှောက်ရာနေရာများ တွင်လည်းကောင်းဖြစ်ပွားလျက်ရှိရာသက်ဆိုင်ရာမိဘ၊ ဆရာနှင့်တာဝန်ရှိသူများကို ပညာပေးရန်လိုအပ်ပါ ကြောင်း၊ အထူးသဖြင့် ရိုက်နှက်ဆုံးမခြင်း၊ ကြမ်းတမ်းစွာပြောဆိုခြင်း၊ ပြုမူခြင်းတို့ဖြစ်ပါ ကြောင်း၊ လူမှု ကာကွယ် စောင့်ရှောက်ရေးအစီအစဉ်များ၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်များချမှတ်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ယင်းသို့အစိုးရ၏ဦးဆောင်မှုဖြင့်ဆောင်ရွက်လျှက်ရှိသည့်ကလေးသူငယ်များအပါအဝင် ပြည်သူလူထုဘဝများလွတ်လပ်လုံခြုံစွာဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် လူမှုအဖွဲ့အစည်း များ၏ တက်ကြွနှိုးဆော်မှုများ၊ ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုများဖြင့် လုပ်ဆောင်ကြဖို့လိုပါကြောင်း မင်္ဂလာ သီရိဟိုတယ်၊နေပြည်တော်တွင်ယနေ့ကျင်းပပြုလုပ်သည့် “ကလေးသူငယ်များအားရုပ်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုရပ်တန့်ရေးလှုပ်ရှားမှု Campaign” အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှ မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
အခမ်းအနားသို့အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာအကြီးအကဲများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ World Vision စီမံချက်နယ်မြေများမှ ကလေးသူငယ်ကိုယ်စားလှယ်များတက်ရောက်ကြပြီး ကလေးသူငယ်များမှ အကြမ်းဖက်မှုများရပ်တန့်ရေးဆိုင်ရာ သရုပ်ပြများဖြင့်တင်ဆက်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။