လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ၂၁.၃.၂၀၁၈ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဂျမိုင်ကောင်း IDP Camp သို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့်အတူ သွားရောက်၍ မြစ်ကြီးနားမြို့နယ်ရှိ စခန်းများမှခေါင်းဆောင်များ ၊ စခန်းရှိ ပြည်သူများနှင့်တွေ့ဆုံကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဒေသဆိုင်ရာအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ လူမှုကူညီစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတော်အစိုးရကိုယ်စား ကူညီထောက်ပံ့လျက်ရှိပါကြောင်း၊ ယနေ့လာရောက်ခြင်းမှာ စခန်းများရှိ ကိုယ်ဝန်ဆောင် မိခင်များ၊ အသက် (၅)နှစ်အောက် ကလေးများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများအား လာရောက်ထောက်ပံ့ခြင်း ဖြစ်ပါကြောင်း ပြောကြားပြီး စခန်း(၂၁)ခုမှ ခေါင်းဆောင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ယင်းသို့ ထောက်ပံ့ရာတွင် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးလျှင် ငွေကျပ်(၁)သိန်း၊ (၅)နှစ်အောက်ကလေးတစ်ဦးလျှင် ငွေကျပ်ငါးသောင်း၊ မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှင့် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်ငါးသောင်း ထောက်ပံ့ခဲ့ပြီး၊ စုစုပေါင်း ငွေကျပ် (၆၂၃) သိန်း ထောက်ပံ့ခဲ့ပါသည်။
ဆက်လက်ပြီး နေ့လည်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများပါ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့် စည်းကမ်းများကို သိရှိရမည်ဖြစ်ပါ ကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ပါကြောင်း၊ အများစုမှာ လူငယ်များဖြစ်၍ ကြိုးစားမှု၊ သင်ယူမှုများကို အဆက်မပြတ် လေ့လာသင်ယူစေလိုကြောင်း ၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာပါ နယ်ပယ်(၈)ရပ်အား သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ရိက္ခာထောက်ပံံ့ခြင်းများအပြင် နောက်ထပ် ဘေးအန္တရာယ်ဖြစ်ပွားမှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ပြန်လည်ထူထောင်ခြင်းများကိုပါ စဉ်းစားလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ထိခိုက်လွယ်အုပ်စုများအား ကူညီပေးနိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဆောင်ရွက်လိုသည့် အခက်အခဲများရှိပါက တင်ပြကြရန်နှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါ ကြောင်း ပြောကြားပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် စက်ချုပ်သင်တန်းသူများ သင်ကြားနေမှုများအား ကြည့်ရှု့ အားပေးခဲ့ပါသည်။
ထိုနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်ခဲ့ပြီး သိုလှောင်ရုံအတွင်း ကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ ထိန်းသိမ်းထားရှိမှုကိုကြည့်ရှု့၍ ထောက်ပံ့ရေးပစ္စည်းများကို လိုအပ်သောပြည်သူများထံ အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရန်စီစဉ်ထားရှိမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာသတင်းများအချိန်မီရရှိပြီး ထောက်ပံ့နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်မှ စီမံ ခန့်ခွဲမှုရုံးများနှင့်ချိတ်ဆက်မှုမပြတ်စေရေး၊ ပစ္စည်းများလေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများကို အချိန်ဇယားဆွဲ၍ ဆောင်ရွက်ရန်မှာကြား ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MSWRR