ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မသန်စွမ်းသူများနှင့် အမျိုးသမီးများဦးဆောင်သည့် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများသို့ လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုလုပ်ငန်းများနှင့်နွေရာသီတွင် ရေရှားပါးကျေးရွာများတွင် ရေရရှိရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

12 Pic 03

12 Pic 04

12 Pic 05

=================================================
၁၀-၃-၂၀၁၈ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး တာဝန်ရှိသူများ လိုက်ပါလျက် (၁၀-၃-၂၀၁၈) ရက်နေ့၊ နံံနက် (၀၉း၀၀) နာရီအချိန်တွင် တောင်တွင်ကြီးမြို့နယ်ရှိ ကလေး (၁၅၀) ဆံ့ ဆတ်သွားမူလတန်းကြိုကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းဆောင်သစ်ကို ဝန်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဘတ်ဂျတ်ရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၁၂၈၆.၂၄) သိန်းဖြင့် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မူကြိုအရွယ် ကလေးသူငယ်များသည် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းစနစ်နှင့်အညီ ပြုစုပျိုးထောင်ခြင်းဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး အခြေခံ လူသားအရင်းအမြစ်များ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေး (၄) ရပ်ဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံး မူလတန်းကြိုကျောင်း (၁၀၄) ကျောင်း ဖွင့်လှစ်လျက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်း ဌာနမူကြို(၈)ကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူူကြိုကျောင်း (၆၀) ကျောင်း ဖွင့်လှစ်ထားရှိပြီး မူကြိုအရွယ်ကလေးသူငယ်များအတွက် အခြေခံအုတ်မြစ်ကောင်းများ ရရှိစေရန် ရင်းနှီးမြှုပ်နှံပေးလျက်ရှိပါကြောင်း၊ မူကြိုကျောင်းတက်ရောက်နိုင်မှုမရှိသည့် ကလေးငယ်များအတွက် မကွေးတိုင်းဒေသကြီးအတွင်း မိခင်ဝိုင်း(၂၀)ဖွင့်လှစ်ထားရှိပြီး ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးရေးနှင့် ဘက်စုံဖွံ့ဖြိုးရေးအတွက် ပြုစုစောင့်ရှောက်ပေးလျက် ရှိပါကြောင်းနှင့် လိုအပ်သည့် နေရာများတွင်လည်း ဆက်လက်တိုးချဲ့ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက အမှာစကားပြောကြား ပြီးနောက် မူလတန်း ကြိုဖြစ်မြောက်ရေး နာယက ဦးဇော်မင်းသိန်းက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ မူကြိုအရွယ်ကလေးငယ်များ ကျောင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ နှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် တောင်တွင်းကြီးမြို့ တောင်ပြင်(၂) ဌာနပိုင်မူကြိုကျောင်းသို့ သွားရောက်၍ ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ အောင်သာကုန်းတဲတိုက်ရွာတွင် ဝန်ကြီးဌာနမှ ထောက်ပံ့ငွေ ကျပ်သိန်း(၁၉၀) ဖြင့်တူးဖော်ပြီးသော စက်ရေတွင်းသစ်ကို ဖွင့်လှစ် ပေးခဲ့ပါသည်။ အဆိုပါ စက်ရေတွင်းသည် အနက်ပေ (၇၅၀)တွင်ရေချိုထွက်ရှိ၍ အိမ်ထောင်စု (၇၄၀)တို့အတွက် သောက်သုံးရေဖူလုံခြင်းဖြင့် ကျေးရွာလူထုကလည်း ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြပါသည်။ ထို့အတူ ပုဂံမျှော်ကျေးရွာရှိ စက်ရေတွင်းအတွက် လိုအပ်သော ရေစင်၊ ရေတိုင်ကီများအတွက် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ကျပ်(၅၀)သိန်းကို ပေးအပ်လှူဒါန်းပြီး အောင်သာကုန်းတဲတိုက်ရွာရှိ ကျန်းမာရေးချို့တဲ့ပြီး ဆင်းရဲနွမ်းပါးသော အသက်(၈၀)နှစ် နှင့်အထက် အဖိုးနှစ်ဦးနှင့် အဖွားတစ်ဦးတို့အတွက် ငွေကျပ် (၉)သောင်းကို လူမှုကာကွယ် စောင့်ရှောက်ရေး ထောက်ပံ့ငွေအဖြစ်ပေးအပ်ခဲ့ပါသည်။ အဆိုပါ စက်ရေတွင်းသစ် ဖွင့်လှစ်ပွဲသို့ မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်း၊ မြိုသစ်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၊ မြို့နယ်တာဝန်ရှိသူများနှင့် ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြပါသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မင်းဘူးမြို့နယ်၊ ပေါက်ပင်တွင်း ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ(၃)ရွာရှိ မသန်စွမ်းသူများနှင့် အမျိုးသမီးများဦးဆောင်သော ဆင်းရဲနွမ်းပါးသူမိသားစု (၉၈)ဦးတို့ထံသို့ လူမှုကာကွယ်စောင့်ရှောက်ငွေ ကျပ် (၇၃)သိန်း ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ မင်းဘူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များနှင့် ကျေးရွာသူ/သားများတက်ရောက်ခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်း လိုက်ပါလျက် တာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာ(၂)ရွာရှိ မသန်စွမ်းသူများနှင့်အမျိုးသမီးများဦးဆောင်သော ဆင်းရဲနွမ်းပါးသူ မိသားစု(၈၀)ဦးတို့ ထံသို့ ထောက်ပံ့ငွေကျပ်(၄၄)သိန်း ပေးအပ်ခဲ့ပါသည်။

ညနေပိုင်းတွင် ရေနံချောင်းမြို့နယ်၊ ညောင်ပင်အိုင်ကျေးရွာအုပ်စု၊ အုတ်လှ ကျေးရွာသို့ ရောက်ရှိပြီး စက်ရေတွင်းအသစ် တူးဖော်ရန်ငွေကျပ် သိန်း(၁၉၀) ကို ရပ်ရွာလူထု၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ပြီး စက်ရေတွင်း တူးဖော်နေမှုကို အားပေးကြည့်ရှု့ခဲ့ပါသည်။ အဆိုပါတူးဖော်နေသော စက်ရေတွင်း အသစ်သည် ပေ(၆၅၀)အနက်သို့ ရောက်ရှိကာ ရေကြောစတင်ဖမ်းမိနေပြီး မကြာခင် တူးဖော် ပြီးစီးတော့မည် ဖြစ်ကြောင်းသိရပါသည်။

(၁၁-၃-၂၀၁၈ ) ရက်နေ့၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးဦးစိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ မကြီးစောက် ကျေးရွာ၌ မသန်စွမ်းသူများနှင့် အမျိုးသမီးများဦးဆောင်သော ဆင်းရဲနွမ်းပါးသူမိသားစု (၂၉၀)ဦးနှင့် တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ငွေပေးရခြင်း အကြောင်း ရှင်းလင်းပြောကြားပြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၆)ရွာအတွက် ထောက်ပံ့ငွေကျပ် (၁၈၁)သိန်း(၅)သောင်း ထောက်ပံ့ပေးခဲ့ပြီး မဏိရတနာကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျေးရွာ(၇)ရွာရှိ မသန်စွမ်းသူများနှင့်အမျိုးသမီးများဦးဆောင်သော ဆင်းရဲနွမ်းပါးသူ မိသားစု (၃၈၃)ဦးနှင့် တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့ကြေးငွေကျပ် (၂၁၀) သိန်း (၅) သောင်း ထောက်ပံ့ပေးခဲ့ပြီး ဒုတိယဝန်ကြီးမှ လူမှုကာကွယ် စောင့်ရှောက်ရေးထောက်ပံ့မှုသည် ဝန်ကြီးဌာနအနေဖြင့် ပြည်သူကိုတိုက်ရိုက် အကျိုးရှိပြီး ဆင်းရဲနွမ်းပါးမှုလျော့ပါးစေရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ နောင်တွင်လည်း အခြားကျေးရွာများကို စိစစ်ရွေးချယ်ထောက်ပံ့ ပေးသွားမှာ ဖြစ်ကြောင်း၊ မိမိ မိသားစုအတွက် အကျိုးရှိသည့်လုပ်ငန်းများတွင် ထိရောက်စွာသုံးစွဲသွားရန် မေတ္တာရပ်ခံတိုက်တွန်းပြောကြားခဲ့ပြီး မုန်တိုင် ဘုန်းတော်ကြီး ကျောင်း တိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Sign Up

Upcoming Events