
၁၁-၃-၂၀၁၈၊ ရန်ကုန်တိုင်းဒေသကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင့်တိုင်မျက်မမြင်ကျောင်း၏ နက္ခဗေဒင် သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးကလူတိုင်းလူတိုင်းတွင် အခြေခံလူ့အခွင့်အရေးများရှိသဖြင့် မသန်စွမ်းများတွင် လည်း တန်းတူအခွင့်အရေးရှိပါကြောင်း၊ ကိုယ်ခန္ဓာမသန်စွမ်းခြင်း၊ ဉာဏ်ရည်မသန်စွမ်းခြင်း၊ အကြား အာရုံမသန်စွမ်းခြင်းနှင့် အမြင်အာရုံမသန်စွမ်းခြင်းများရှိသော်လည်း မသန်စွမ်းသူတိုင်းတွင် အခြားစွမ်း ဆောင် နိုင်မှုများရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပါအဝင် ပြည်သူများ အားလုံးပါဝင်ရန်လိုအပ်ကြောင်း၊ ထိုသို့ပါဝင်နိုင်ရန် မိမိဘဝရပ်တည်ရေးနှင့် အခြားသူများအတွက်ပါ အကျိုး ပြုနိုင်ရေး”မသန်သော်လည်းစွမ်းသောသူများ” ဖြစ်စေရန်လိုအပ်ကြောင်း၊ ထိုအတွက် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများတတ်မြောက်ခြင်းသည် အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအပြင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်း ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းများအတွက် သတင်းအချက်အလက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်၊ ကိုယ်စီတတ်မြောက်ထားသည့် ပညာဖြင့်ပြည်သူ့ အကျိုးပြုလုပ်ငန်းများကိုတတ်စွမ်းသရွေ့ပါဝင်ဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါကြောင်းနှင့် မသန်စွမ်းများ၏ အခွင့်အရေးကိုပိုမိုဆောင်ရွက်နိုုင်စေရန် ဥပဒေ၊နည်းဥပဒေနှင့် အမျိုးသားကော်မတီတို့ကိုဖွဲ့စည်းထားပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်းစီမံချက်များဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖြင့်ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကအမှာစကားပြောကြားပြီး နက္ခဗေဒင် သင်တန်းဆင်း ကျောင်းသား၊ကျောင်းသူများကို သင်တန်းဆင်းလက်မှတ် များပေးအပ်ကာ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
အခမ်းအနားသို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည် တော်များတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။