၁၀-၃-၂၀၁၈၊ ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ရောက်ရှိပြီးကလေးငယ်များကို ရင်းနီးစွာ တွေ့ဆုံကာ အသက်မွေးဝမ်းကျောင်း သင်တန်းများ စနစ်တကျ လေ့လာသင်ယူကြရန်၊ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် ကလေးများကို အလုပ်အကိုင်ရရှိရေးအတွက် သက်ဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ ကလေးငယ်တစ်ဦးချင်းစီ၏ အရည်အသွေး တိုးတက်မှုကို စောင့်ကြည့်ပြီး မှတ်တမ်းထားရှိရန်တို့ကို ပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီးကလေးများသင်တန်းကျောင်းသို့ရောက်ရှိပြီး ကလေးများအတွက် ကျောင်းပညာသင်ကြားရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်သင်ကြားရေး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး မိမိဘာသာ ဘဝရပ်တည်နိုင်ရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ကလေးများအား မုန့်များဝေငှခြင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြသည့် ကလေးများအား အားပေးခြင်းများပြုလုပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်ရွှေဂုံတိုင် ကလေးပြုစုရေးဌာနဝင်းအတွင်းရှိ ရင်ခွင်မဲ့ကလေးငယ်များအားတွေ့ဆုံကာ မုန့်များဝေငှပြီး မွေးကင်းစရင်ခွင်မဲ့ကလေးငယ်များအား စောင့်ရှောက်ရန် အဆောက်အဦပြင်ဆင် မွမ်းမံနေမှုများကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူမှုဒုက္ခခံစားနေရ သူများအတွက် မူဝါဒအသစ်များချမှတ်ကာ လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။