၉.၃.၂၀၁၈၊ ပဲခူးတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်၊ တောင်ငူ၊ ဖြူး၊ ရေတာရှည်၊ ကျောက်တံခါးမြို့နယ် များတွင် နေထိုင်ကြသော မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် မသန်စွမ်း သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ရွှေကျင်မြို့၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက “ယနေ့ကျင်းပသောအခမ်းအနားသည် မသန်သော်လည်း စွမ်းကြသော ပြည်သူများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့မှုများပြုလုပ်ပေးခြင်း ဖြစ်ပြီးမသန်စွမ်းများ၏ ရပ်တည်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အခွင့်အရေးရရှိခြင်းများကို အသိအမှတ်ပြုခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းများကို တိုးတက် မြှင့်တင် စေရန်ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေနှင့် အမျိုးသားကော်မတီကို ဖွဲ့စည်းပြီး ဖြစ်ရာ မသန်စွမ်းများအခွင့်အရေးကို အပြည့်အဝဆောင်ရွက်ပေးရန်နှင့် ဘဏ္ဍာငွေ တစ်ရပ် ထူထောင်ထားရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ခွင်မဲ့ကလေးသူငယ်များ နှင့် ပတ်သက်၍ လျော့နည်းပပျောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက် နေပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ပေးအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြောကြားကာ ရွှေကျင်မြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၁၆၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် (၁၆၃)သိန်း၊ တောင်ငူ၊ ဖြူး၊ ရေတာရှည်၊ ကျောက်တံခါးမြို့နယ်များရှိ မိုင်းအန္တရာယ် ကြောင့် မသန်စွမ်းသူ(၇၅၃) ဦးအတွက် ငွေကျပ်(၇၅၃)သိန်းကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။ ထို့နောက် ဒေသခံများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရနှင့် ပြည်သူများ ပူးပေါင်း ပါဝင်ကာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များအပေါ်ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင် လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ ပန်းငွေရုံတောရ ဆရာတော်ဘုရားကြီး ဘဒ္ဒ န္တ သုမနာ ဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇ) ကိုယ်တိုင်ဦးစီးလှူဒါန်းသော မဒေါက်တိုက်နယ် ဆေးရုံသစ် လှူဒါန်းခြင်းနှင့် ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။