နေပြည်တော် မတ် ၈
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ဦးစီးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယကနှင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကလေးသူငယ်များ စောင့်ရှောက်ရေးအသင်း၊ ကျားမတန်းတူ ညီမျှရေးအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ အစိုးရမဟုတ်သော လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမှာစကားပြောကြားရာတွင် “ ဒီနေ့ကျင်းပတဲ့ ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံးကို ကြိုဆို နှုတ်ခွန်းဆက်ပါတယ်။ အမျိုးသားများကလည်း အမျိုးသမီးများနေ့မှာ အားလုံးတက်တက်ကြွကြွနဲ့ ပါဝင်ပြီးတော့ ကူညီကြဖို့လိုပါတယ်။
“မြန်မာနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ သမိုင်းအစဉ်အလာအရ အမျိုးသားများဟာ အမျိုးသမီးများထက် အခွင့်အရေး၊ အခွင့်အလမ်းများ ပိုမိုရရှိခဲ့ပါတယ်။ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများကြောင့် အမျိုးသမီး အခွင့်အရေး တွေဟာ အမျိုးသားတွေနဲ့ တန်းတူမဖြစ်သေးပေမယ့် အတိတ်ကာလကထက်စာလို့ရှိရင် များစွာပိုမိုတိုးတက်ရရှိလာပါတယ်။ “အမျိုးသမီးများရဲ့ အခွင့်အရေးတွေ ပိုမိုရရှိလာခြင်းဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ လူ့အခွင့်အရေး စံချိန်၊ စံနှုန်းများ မြင့်မားလာမှာဖြစ်သလို အမျိုးသမီးထုရဲ့ စွမ်းပကားကို ပိုမိုအသုံးချ နိုင်လာတဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက် အကူဖြစ်စေမှာဖြစ်ပါတယ်။
“အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်အခွင့်အရေးတွေ သိရှိသလို မိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်ဖို့လို အပ်ပါတယ်။ အခွင့်အရေး သာတောင်းခံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိရင် ဒါဟာ အပေါင်းလက္ခဏာ ဆောင်မှာ မဟုတ်ပါဘူး။ ဒီအမျိုး သမီးများကို တန်ဖိုးထားဖို့ ဆိုတာ စရမှာက မိခင်များကနေ စရမှာဖြစ် ပါတယ်။ အဲဒါအတွက် ကျွန်မအထူးသတိပေးချင် ပါတယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာ ဆိုရင် ယဉ်ကျေးမှု အရ မိန်းကလေးတွေ ကို တန်ဖိုးထားတယ်ဆိုတာ မိဘကို အလုပ်အကျွေး ပြုဖို့၊ မိဘစကားနားထောင်တဲ့ မိန်းကလေးတွေကို တန်ဖိုးထားပေမယ့်လည်း သားယောကျ်ားလေးတွေ ဦးစားပေးတဲ့ အလေ့အကျင့်ဟာ အခုထက်ထိ မပျောက် သေးတဲ့ နေရာတွေအများကြီးရှိပါတယ်။
“ဒါကြောင့်မို့ ဒါဟာ မိသားစုထဲကစရမှာပါ။ သမီးတွေနဲ့ သားတွေနဲ့ တန်းတူ ညီတူတန်ဖိုးထားဖို့ပါပဲ၊ တန်းတူညီတူ အခွင့်အရေးလို့ ကျွန်မမပြောချင်ဘူး။ အခွင့်အရေးဆိုတာကတော့ သူ့ရဲ့လိုအပ်ချက်အရ ဖြစ်လာတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တန်းတူညီတူ တော့ တန်ဖိုးထားစေချင်ပါတယ်။ မိခင်များက ဒီဟာကိုစမှ ကျွန်မတို့ နိုင်ငံမှာ တကယ့်ကို အမျိုးသမီးတွေနဲ့ အမျိုးသား တွေကြားမှာ တန်းတူ ညီတူမှု ဆိုတာ ရှိလာမှာပါဖြစ်ပါတယ်။
“၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂက ချမှတ်ပေးတဲ့ ဦးတည်ချက် ဆောင်ပုဒ်ကတော့ “အမျိုးသမီးများဘဝ မြှင့်တင်ဖို့ ကျေးလက်နှင့်မြို့ပြ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့ ယခုပင် ကြိုးပမ်းကြပါစို့” ဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံ (GDP) ရဲ့ (၃၀) ရာခိုင်နှုန်းဟာ လယ်ယာ ကဏ္ဍကနေ ရရှိ နေပြီး နိုင်ငံလူဦးရေရဲ့ (၇၀) ရာခိုင်နှုန်းလောက်ဟာ ကျေးလက်ဒေသမှာပဲ နေထိုင်ကြတာဖြစ်လို့ ကျေးလက်နေ အမျိုးသမီးထုက အင်မတန်မှ အရေးကြီးပါတယ်။
“တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့ ကျေးလက်ဒေသတွေပါမကျန် လွှမ်းခြုံဆောင်ရွက်နိုင်ဖို့ နိုင်ငံတော် အစိုးရက အင်တိုက်အားတိုက် ကြိုးစားနေပါတယ်။ အခုကျွန်မတို့ နိုင်ငံမှာဆိုရင် အထူးသဖြင့် ကျေးလက်တော ရွာတွေက အမျိုးသားများ၊ ယောကျ်ားလေးများ၊ လူငယ်များဟာ တခြားနေရာတွေမှာ သူတို့ရဲ့ ရွာတွေရဲ့ ပြင်ပမှာ သွားပြီးတော့ အလုပ်ရှာတဲ့ အခါမှာ ကျေးလက်ဒေသတော်တော်များများမှာ အမျိုးသမီးတွေကသာ ပဲ့ကိုင်ဖို့ကျန်ခဲ့တာပါ။ ဒါကြောင့်မို ကျွန်မတို့ ကျေးလက် တောရွာဘက်မှာနေတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးများ၊ အမျိုးသမီးတွေရဲ့ အရည်အချင်း မြှင့်တင်ရေး ကိစ္စတွေကို အထူးအလေး ပေးဖို့လိုနေပါတယ်။
“မျက်မြင်လက်တွေ့ပြနိုင်မယ့် လမ်းတံတားတွေ၊ လျှပ်စစ် အချိန်ပြည့်ရရှိရေး၊ တယ်လီဖုန်း ဆက်သွယ်ရေး တွေရှိသလို လက်နဲ့ ကိုင်တွယ်လို့မဖြစ်တဲ့ ကျန်းမာရေး ကဏ္ဍ၊ လူမှုရေး ကာကွယ် စောင့်ရှောက်ရေး ကဏ္ဍမှာလည်း ကျေးလက်၊ မြို့ပြ မခွဲခြားဘဲ ကျွန်မတို့ ကြိုးစားနေပါတယ်။ တစ်ချို့ကိစ္စတွေကျတော့ ကျေးလက် တွေကို အထူးဦးစားပေးပြီးတော့ ကြိုးစားပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲပြောပြော ကျေးလက် တောရွာ ပြည်သူလူထုကတော့ မြို့ပြပြည်သူလူထုလောက် လူမှုရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှု မရှိဘူးဆိုတာကိုတော့ ကျွန်မတို့ ဝန်ခံရမှာပဲ။ ဥပမာ ဆိုရင် ကျန်းမာရေးပါ။ ကျန်းမာရေး စောင့်ရှောက်မှုဟာ မြို့ပြတွေမှာဆိုရင် ကျေးလက် တောရွာတွေထက် အခုထက်ထိပိုပြီးတော့ ကောင်းနေပါတယ်။ သို့သော်လည်း ကျွန်မ တို့ ကျန်းမာရေးဝန်ကြီးဌာနကနေ ဒါကို အထူးအလေးပေးပြီးတော့ ကျေးလက်တောရွာ ကျန်းမာရေးဆိုတာဟာ စရမှာတော့ မိခင်နဲ့ ကလေးကျန်းမာရေးနဲ့ စရမှာပါ။ အဲ့ဒါတွေကိုကျွန်မတို့ကအထူးသဖြင့်လုပ်ပြီးတော့ဆောင်ရွက်နေပါတယ်။
“(၂၀၁၅)ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်က ထုတ်ဝေဖြန့်ချိခဲ့တဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းရဲ့ Flagship (၈)ခုထဲက တစ်ခု ဖြစ်တဲ့ “ကိုယ်ဝန်ဆောင်မိခင်များနဲ့ ၎င်းတို့က မွေးဖွား လာတဲ့ အသက် (၂)နှစ် အောက် ကလေး သူငယ်များအား ငွေကြေးအထောက် အပံ့ပေးရေး အစီအစဉ်”ကို Livelihoods and Food Security Trust Fund ရဲ့ ထောက်ပံ့မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး ထောက်ပံ့ပေးဖို့ လိုအပ်နေတဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂဒေသတွေမှာ စတင်ထောက်ပံ့ပေးနေ ပါတယ်။
“ကျွန်မတို့ အဲဒီလိုထောက်ပံ့တဲ့အခါမှာ တစ်ခါတည်း ပညာပေးသွားဖို့ တော့လိုပါတယ်။ တစ်ချို့တွေက နေပြီးတော့ ဘာဖြစ်လို့ ဒီနှစ်နှစ်အောက် ကလေး တွေအတွက် စောင့်ရှောက်နှုန်းက အရေးကြီး တယ်ဆို တာကို ပြည့်ပြည့်၀၀သူတို့ သဘောမပေါက်ပါဘူး။
ဒီနှစ်နှစ်အောက်ကလေးတွေဟာ အာဟာရပြည့်ဝမှ သူတို့ရဲ့ ဉာဏ်ရည်ဟာ တစ်သက်လုံး ပြည့်ဝမယ်ဆိုတာကို တစ်ချို့က သိပ်ပြီးတော့ သဘောမ ပေါက်ပါဘူး။ ကျွန်မတို့ တစ်ချိန်တစ်ခါတုန်းကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ကလေး အာဟာရ ဖြည့်ရေး အစီအစဉ်လေးကို ကျွန်မတို့ ရုံးမှာ လုပ်ပါတယ်။ သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ကျွန်မတို့ ဟာ နှစ်ပတ် တစ်ခါ Vitamin ပေါ့၊ ကလေးတွေအတွက် အာဟာရပြည့်ဝမယ့် ဆေးရည်လေးတွေ ကျွန်မတို့ ဝေတယ်။ ဝေပြီးတော့ နွမ်းပါးတဲ့ မိခင်တွေက လာပြီးတော့ယူရတယ်။ ယူပြီးတော့ ကျွန်မတို့က ဘယ်လို ဘယ်လို တိုက်ရမယ်။ တစ်ပုလင်းဆိုရင် နှစ်ပတ်ခံတယ်။ နှစ်ပတ်ကြာရင် ပြန်လာပြီးတော့ ဒီပုလင်းကို အသစ်ပေးမယ်။ ကျွန်မတို့က ပထမဦးဆုံး ဒီဆေးရည်ကို ဝေပြီးတာနဲ့ ရက်ပိုင်းအတွင်းပဲ ကြားရတယ်။ တချို့မိခင်တွေက အဲဒီဆေးကို ရောင်းစားလိုက်တယ်။ ပြန်ပြီးရောင်းတဲ့ အခါကျတော့ သူတို့အိမ်တွေ ပြန်ရောက်တဲ့ အခါ လှိုင်သာယာတို့ စသဖြင့် နည်းနည်းနွမ်းပါးတဲ့ မိခင်တွေကိုပေးတာကို။ အဲဒါကို ပြန်ရောက်တာနဲ့ ဘာမှမကြာဘူး ရောင်းစားလိုက်တယ်။ ရောင်းစားလိုက်တော့ နောက်တစ်ခါပြန်လာ တော့ ကျွန်မတို့က ဒါကိုရှင်းပြတယ်။ ဒီဟာကို ရောင်းစားလိုက် ရင်အားလုံးရှုံးတယ်။
“ဘာလို့လဲဆိုတော့ ကျွန်မတို့ပေးရသလောက်လည်း သူတို့ပြန်မရဘူး။ တစ်ဆင့် ပြန်ရောင်းတဲ့ အခါကျတော့ လျော့ပေါ့ပြီးတော့ ရောင်းရတယ်။ ပြီးတော့ ဒီကလေးတွေ အာဟာရပြည့်ဝအောင် လုပ်တယ် ဆိုတာဟာ လောလောဆယ် ကိုယ်ခန္ဓာဝဖြိုးလာ အောင်တင် မကဘူး။ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် တစ်သက် လုံးဉာဏ်ရည် ပိုပြီးတော့ ကောင်းဖို့အတွက် ဒီဟာကို ရည်ရွယ်ပြီး တော့လုပ်တာ။ ပြီးတော့ သူတို့ ဒီလိုကလေး တွေကို ဆေးမတိုက်ဘဲနဲ့ ဆေးပုလင်းတွေကို ရောင်းလိုက်လို့ ရတဲ့ပိုက်ဆံလေးတွေ ဘာလုပ်နိုင်မှာလဲ။ လွန်ရောကျွံရော အသားဟင်းတစ်နပ်နှစ်နပ် ဝယ်စားလိုက်လို့ တော့ရတာပေါ့။ အဲဒါဟာဘာမှ အကျိုးဆက် ဒီလောက်မရှိဘူး။ ဒီကလေးတွေကိုသာ မှန်မှန်တိုက်မယ်ဆိုရင် ဘယ်လောက် ဖွံ့ဖြိုးနိုင်မယ်၊ ကိုယ်ခန္ဓာအားဖြင့်ရော၊ ဉာဏ်ပညာအား ဖြင့်ရော ဘယ်လောက်ဖွံ့ဖြိုးနိုင်မယ်ဆိုတာကို ကျွန်မတို့က ရှင်းပြတယ်။
“ ဒါပေမယ့်လည်း ရှင်းပြရုံနဲ့ ကျွန်မတို့က စိတ်မချတော့ အဲဒီနေ့ကနေစပြီး ပုလင်းတွေကို ဖွင့်ပြီးတော့ တစ်ဇွန်းတိုက်လိုက်တယ်။ တစ်ဇွန်းစီ တစ်ဇွန်းစီတိုက်ပြီးမှ တစ်ဇွန်းတိုက်ပြီးသား ပုလင်းတွေကို ပြန်ပေးပြီး တော့ နောက်တစ်ခါပြန်လာရင် ပုလင်း အလွတ်ပြန် ယူခဲ့ရမယ်ဆိုပြီးတော့ ကျွန်မတို့ အဲဒီလိုအစီအစဉ်တွေ လုပ်တဲ့အခါကျမှ ကလေးတွေဟာ ဒီအာဟာရဖြည့်ဆေးကို မှန်မှန်သုံးစွဲနိုင်တဲ့ အဆင့်ကိုရောက်သွားတယ်။ ဒီတော့ ဒါဟာလည်း ပညာပေးမှုနဲ့ဆိုင်တယ်။ ရေတိုရေရှည်အကျိုးကို နားလည်အောင် ကျွန်မတို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များ၊ ကလေးသူငယ်များအတွက် လုံးပမ်းနေတဲ့အဖွဲ့များက ဂရုစိုက်ပြီး လုပ်ပေးစေ ချင်ပါတယ်။
“ဒီနေ့ မြန်မာအမျိုးသားတွေရဲ့ မျှော်မှန်းသက်တမ်းဟာ (၆ဝဒဿမ၂)နှစ် ဖြစ်ပြီး မြန်မာအမျိုးသမီးတွေရဲ့ မျှော်မှန်းသက်တမ်းကတော့ (၆၉ ဒဿမ၃)နှစ် ဖြစ်ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးနော်၊ အမျိုးသမီးတွေက အမျိုးသားတွေ ထက်ပိုပြီးတော့ အသက်ရှည်တယ်။
“နိုင်ငံတော်အစိုးရက အသက်(၉၀)နှစ်နဲ့ အထက် ဘိုးဘွား (၄၀၉၇၂) ဦးကို လစဉ် လူမှုရေး ပင်စင် ထောက်ပံ့ပေးလျက်ရှိရာမှာ (၂၇၅၀၀) ဦးဟာ အဘွားများဖြစ်ပါ တယ်။ ဒီအချက်တွေအရ မြန်မာအမျိုး သမီးတွေဟာ အမျိုးသားတွေထက် အသက် ပိုရှည်ပြီး ကျန်းမာကြံ့ခိုင်တယ်ဆို တာကိုပြ တာပါ။ ဒါပေမယ့် စောစောက ကျွန်မပြောတဲ့ အတိုင်းပဲ ဒါဟာတစ်ကမ္ဘာ လုံးမှာကို ဒီလိုပဲဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသား တွေထက် ပိုပြီးတော့ အသက်ရှည်တယ်။ ပိုပြီးတော့ ကျန်းမာရေးကောင်းပါတယ်။
“ခေတ်သစ်မြန်မာသမိုင်းမှာ မြန်မာအမျိုးသမီးတွေဟာ အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး လွတ်လပ်ရေးကြိုးပမ်းမှု အပါအဝင် နိုင်ငံရေးနယ်ပယ် အတွင်းမှာ တက်ကြွစွာ ပါဝင် စွမ်းဆောင်ခဲ့ပါတယ်။ အခုဆိုရင် အမျိုး သမီးတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်ဖြင့်ကဏ္ဍစုံမှာ ပိုပြီးပါဝင်လာတာကို ဝမ်းမြောက် ဖွယ် တွေ့မြင်နေရ ပါတယ်။ ခေတ်အဆက်ဆက်က စွမ်းရည်ထက်မြက်ကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို အတုယူပြီး မျိုးဆက်သစ် မြန်မာအမျိုးသမီးတွေအနေနဲ့ ဘဝလုံခြုံမှုရှိရေးနဲ့ စွမ်းရည်မြင့်မား ရေးကို ဦးတည်ကြိုးပမ်းအား ထုတ်ကြဖို့လည်း တိုက်တွန်းမှာ ကြားလိုပါတယ်။
“အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီး တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကျေးလက်ဒေသတွေပါမကျန် လွှမ်းခြုံဆောင်ရွက်နိုင်ဖို့ တိုင်းဒေသကြီး၊ ပြည်နယ် အမျိုးသမီးကော်မတီ များ၊ ခရိုင်အမျိုးသမီး ကော်မတီများ၊ မြို့နယ် အမျိုးသမီးကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ဒီကော်မတီဟာ အမျိုးသမီးများ ဘဝလုံခြုံ ရေးနဲ့ ဘက်စုံ ဖွံ့ဖြိုးမှု တိုးတက်ရေး၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီရေးကို မူဝါဒများ၊ နည်းဗျူ ဟာများ၊ လုပ်ငန်းအစီအစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး အားသွန်ခွန်စိုက် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။
“ဒီနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများအနေနဲ့ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး အောင်မြင်စွာ တည် ဆောက်နိုင်ဖို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ အမျိုးသမီးထုရဲ့ စွမ်းအားကို အပြည့်အဝဖော်ထုတ် အသုံးချနိုင်ဖို့အတွက် ပြည်ထောင်စု မျှော်မှန်းချက်တွေ ပြည့်ဝအောင်မြင်ရေးတို့ကို ကြိုးပမ်းရာမှာ တစ်ဦးချင်း စီရဲ့ ဒီမိုကရေစီ စိတ်ဓါတ်နဲ့ ဒီမိုကရေစီအလေ့အကျင့်ကို အရင်းခံကာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားယုံကြည်မှု၊ ချစ်ခင်ကြင်နာမှုများနဲ့ စုပေါင်းပါဝင်သွားနိုင်ဖို့အတွက် လုပ်ပေးစေ ချင်ပါတယ်။
“စောစောက ကျွန်မပြောသလိုပဲ စရမှာက မိခင်တွေကနေစရမှာ၊ ကိုယ့်ရဲ့ သားသမီးတွေကို မွေးကင်းစ အရွယ်ထဲက မှန်မှန်ကန်ကန်စိတ် ဓာတ်တွေကို သွင်းပေးဖို့ ဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့်မို ကျွန်မတို့ အမျိုးသမီးများရဲ့ တန်ဖိုးဟာ ဖြတ်လို့မရပါဘူူး။ အမျိုးသားများ၊ ဖခင်များဟာ ဘယ်လိုပဲ သားသမီးတိုင်းကို ချစ်တယ်၊ ချစ်တယ်ပြောပြော မိခင်တွေလောက် အချိန်ပေးပြီးတော့ ပြုစုပျိုးထောင်နိုင်တဲ့ ဖခင်ဆိုတာနည်းပါတယ်။ လုံးဝမရှိဘူးလို့ ကျွန်မမဆိုပါဘူး။ ဒါပေမယ့် အင်မတန်မှ နည်းပါတယ်။ မိခင်တွေကသာ သားသမီးတွေကို ပြုစုပျိုးထောင်နိုင်တယ်။
“ဒါကြောင့်မို့ ကျွန်မတို့ပြောတယ်။ ပုခက်ကို လွှဲတဲ့လက်က ကမ္ဘာကို လွှမ်းမိုး တယ်ဆိုတာ။ ဒါပေမယ့် ကျွန်မက ကမ္ဘာကိုလွှမ်းမိုးထား တယ်ဆိုတာထက် ကမ္ဘာကို ပင့်မထားနိုင်ဖို့က အရေးကြီးပါတယ်။ အဲဒီတော့ ပုခက်လွှဲတဲ့လက်၊ အမျိုးသမီးတွေရဲ့လက်၊ အမျိုးသမီး တွေရဲ့ စွမ်းဆောင်ရည်ဟာ ကမ္ဘာကြီးကို ပင့်မထားနိုင်ဖို့ ကမ္ဘာကြီးမှာ ကောင်းတဲ့တန်ဖိုးထားတွေ ပိုပြီးတော့ ပွားလာနိုင်အောင်လို့ ကိုယ့်သားသမီးတွေ ရင်ခွင်ထဲမှာ ရှိကတည်းက သင်ကြားပေးကြပါ။ အဲဒီကနေတစ်ဆင့် သားတွေ၊ သမီးတွေအားလုံး ကြိုးစားနိုင်ဖို့်၊ အများအတွက် စဉ်းစားနိုင်တဲ့ စိတ်ဓာတ်ကို သွင်းပေး ပါ။ မှန်ကန်တဲ့ တန်ဖိုးထားမှုတွေကို ကျွန်မတို့သားသမီးတွေရဲ့ ခေါင်းထဲမှာ ငယ်ငယ်က တည်းက နှလုံးသားထဲမှာ ခေါင်းထဲမှာ သွင်းလိုက်ပြီဆိုရင် တစ်သက်လုံး အတွက် စိတ်ချရတယ်။
“တစ်ချိန်တစ်ခါတုန်းကဆိုရင် ဆရာဝန်ပညာရှင်ကြီးတစ်ဦးကပြောပါတယ်။ ကလေးတစ်ယောက်ကို သူ့လက်ထဲကို အသက် ၇ နှစ် ပဲအပ်လိုက်ပါတဲ့။ တစ်သက်လုံး အာမခံပါတယ်တဲ့။ ဒီကလေးရဲ့ စိတ်ဓာတ် ဟာ ခိုင်မာသွားအောင် လို့ သူ့ဘဝသွားမယ့် လမ်းဟာ မှန်ကန်သွားအောင်လို့ ပထမ ၇ နှစ်အတွင်းမှာ သေသေချာချာ အုတ်မြစ်ချ လုပ်နိုင်တယ်ဆိုတာ သူရဲရဲကြီးပြောနိုင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ၇ နှစ်ဆိုတာ ကိုတော့ တိတိကျကျ သတ်မှတ်လို့တော့ မရပါဘူး။ ဆိုလိုတာက ငယ်ငယ်တည်း ကနေပြီးတော့ နှလုံးသားထဲမှာ၊ ဦးနှောက်ထဲမှာ ထည့်ပေးလိုက်တဲ့ တန်ဖိုးထားများဟာ တစ်သက်လုံးအတွက် အင်မတန်မှ တန်ဖိုးရှိတာပါ။ ဒီလို ထည့်ပေးနိုင်ဆုံးပုဂ္ဂိုလ်များကတော့ မိခင်များဖြစ်တာကြောင့် ကျွန်မတို့အခု ဒီနေ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာဆိုရင် မြန်မာ အမျိုးသမီးများဟာ ကိုယ်တစ်ဦးတစ်ယောက်တည်းအတွက်ပဲ မဟုတ်ဘဲ နောင်လာမယ့် မျိုးဆက်သစ်တွေ၊ မျိုးဆက်သစ်တွေ အတွက် တတ်နိုင်သမျှ ကျေးလက် ဘက်မှာရော မြို့ပြဘက်မှာရော စုပေါင်းပြီးတော့ လုပ်နိုင်ကြပါစေလို့ ကျွန်မ အနေနဲ့ ဆုတောင်း မေတ္တာ ပို့ရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။” ဟုပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာ ရွှေလွှမ်း တို့သည် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ကုလသမဂ္ဂမှ ဌာနေကိုယ်စားလှယ်များနှင့်လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကနှင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကလေးသူငယ်များ စောင့်ရှောက်ရေး အသင်းဝင်များနှင့်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်လည်းကောင်း၊ ဝိသာခါဖောင်ဒေးရှင်း အဖွဲ့၊ ကျားမတန်းတူညီမျှရေးအဖွဲ့၊ ကမ္ဘောဇအနာဂတ် အလင်းတန်းဖောင်ဒေးရှင်း၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ ပြည်တွင်း ပြည်ပမှ အစိုးရ မဟုတ်သော လူမှုအဖွဲ့အစည်း များမှ တာဝန်ရှိသူများနှင့်လည်းကောင်း စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ ၏ ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်းနှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် အမျိုးသမီးများ လှုပ်ရှားမှုပြခန်းများနှင့် လှုပ်ရှားမှုဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် အမျိုးသမီးများအတွက် ယခုထက်ပိုပြီး ထည့်သွင်းစဉ်းစားပေးမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးရှိ သုတေသနအထောက်အထားများအရ ကျား၊ မ ရေးရာတန်းတူညီမျှမှု မရှိခြင်း ကို လျော့ချနိုင် မည်ဆိုပါက ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်သွားပါက ပိုမိုပြီးရေရှည် တည်တံ့ခိုင်မြဲ မှုရှိနိုင်မည်ဖြစ်ပြီး ကျား၊ မ ရေးရာတန်းတူညီမျှမှုရှိခြင်းက သဘာဝဘေးအန္တရာယ်များအား ခံနိုင်ရည်စွမ်းအား ပိုမိုအားကောင်းစေနိုင်ကြောင်းကို သုတေသီများကတွေ့ရှိထားပါကြောင်း။
အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် သက်ဆိုင်သောလုပ်ငန်း အစီအစဉ်များ၊ စီမံကိန်းများ၊ စီမံချက်များ၊ လမ်းညွှန်ချက်များကို သက်ဆိုင် ရာအစိုးရဌာနများ၊ လွှတ်တော် များ၊ ပြည်တွင်း ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ လူမှုရေး၊ စီးပွားရေးနယ်ပယ်များမှ အဖွဲ့အစည်းများက ဝိုင်းဝန်းဖော်ဆောင်ပေးကြရန်၊ အားလုံးအကျူံးဝင်သည့် ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်တွင်မည်သူမှ မကျန်ခဲ့ရလေအောင် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကဆိုင်ရာနှင့်ပြည် သူများကပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားများနှင့်အတူ အမျိုးသမီးများက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် UN Resident and Humanitarian Coordinator Mr. Knut Ostby က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြား၍ အသိပညာပေး သရုပ်ဖော် ဗီဒီယိုဖိုင်ကိုပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်သည် “အမျိုးသမီးများ ဘဝမြှင့်တင်ဖို့၊ ကျေးလက် နှင့် မြို့ပြ တက်ကြွလှုပ်ရှား သူများ ပူးပေါင်းလို့ ယခုပင်ကြိုးပမ်းကြပါစို့”“Time is Now: Rural and urban activists transforming women’s lives” ဟု ဆိုထားသည့်အတွက် ကျေးလက်နေ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရန် အားလုံးဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်သည်။
Source: MSWRR