
ထိုင်းနိုင်ငံ လူမှုဖ့ွံဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဆိုင်ရာ ဗိုလ်ချုပ်ကြီး Anantaporn Kanjanarat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင် ခရီးရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၄.၃.၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင် အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဌ၊ ပါမောက္ခ ဒေါက်တာ Surakiart Sathirathai နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ အကောင်အထည် ဖော်ရေး၊ ထိုင်းနိုင်ငံတွင်း ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ တိုးတက်ကောင်းမွန်စေခြင်းဖြင့် လူမှုစီးပွားဘ၀ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ ကောင်းများနှင့် ရရှိခဲ့သည့် သင်ခန်းစာများအား အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ၅.၃.၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် Nonthaburi Province, Pak Kred District သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ပြိး Pak Kred Reception Home for Boys တွင် စောင့်ရှောက်ထားသည့် ထိုင်း၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ မြန်မာနိုင်ငံတို့မှ ကလေးသူငယ်များအား တွေ့ဆုံအားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးအား ကလေးလူငယ်နှင့် မိသားစုများ ဖွံ့ဖြိုးမှုမြှင့်တင်ခြင်းနှင့် စောင့်ရှောက်ခြင်းဌာနခွဲနှင့် စောင့်ရှောက်ရေးဂေဟာမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ဂေဟာ၏ လုပ်ဆောင်ချက် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြခြင်း၊ ရောက်ရှိလာသည့် ကလေးငယ်များအား ပုံမှန်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ဘေးကင်းလုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာအတွက် စောင့်ရှောက်ကူညီပေးမှု၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် စောင့်ရှောက်ပေးမှုတို့အား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးငယ်များအတွက် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ သင်တန်းများပို့ချလျက် ရှိသည်များကို လေ့လာကြည့်ရှုပြီး ကလေးများ၊ သင်တန်းတာဝန်ရှိသူများ၊ ဂေဟာတာဝန်ရှိသူများနှင့် သံရုံးတာဝန်ရှိသူ များနှင့်အတူ စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာသို့ ဆက်လက်သွားရောက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Virasakdi Futrakul နှင့်အဖွဲ့အား တွေ့ဆုံကာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် စီမံချက်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ နိုင်ငံသားအဖြစ် စိစစ်ပြီးသူ တိုင်းရင်းသားများ ပြန်လည်လက်ခံနိုင်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည့်သူများ ပြန်လည်ထူထောင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုအောင်မြင်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်သည့် အလားလာများ၊ အလုပ်အကိုင်အခွင့်အလမ်း ဖော်ထုတ်နိုင်ရေးအတွက် လိုအပ်ချက်များ၊ အာဆီယံသဘောတူညီချက်များအား နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်း အကောင်အထည် ဖော်မည့် အခြေအနေနှင့် ထိုင်းနိုင်ငံတောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများဖြေရှင်းရာတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မှုအတွေ့ အကြုံများအား ပွင့်ပွင့်လင်းလင်း အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Nakhon Pathom Province, Phutthamonthon ခရိုင်ရှိ Boan Saladin စိုက်ပျိုးရေးစီမံကိန်းသို့ သွားရောက်ပြီး ရေကြီးရေလျှံမှု နှစ်စဉ်ဖြစ်ခြင်း၊ ဆားငံရည် ဝင်ရောက်ခြင်း၊ ရေရှားပါးမှုဖြစ်ခြင်း စသည့် သဘာဝဘေးမျိုးစုံ ခံစားခဲ့ရာမှ GPS နည်းပညာသုံး ပထဝီအနေအထား လေ့လာမှုဖြင့် ချောင်းများ မြောင်းများ ပိတ်ဆို့မှုများကို ပြုပြင်ခြင်း၊ ဗေဒါပင်များအား စနစ်တကျပြုပြင်အသုံးချခြင်း၊ စိုက်ပျိုးမြေများအား နှစ်တိုနှစ်ရှည် စိုက်ပျိုးမှု ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေ၊ ရေကန်နှင့်နေအိမ်တို့ကို အချိုးကျ အကွက်ချပြီး စနစ်တကျဘက်စုံစိုက်ပျိုး ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် မိသားစုဝင်ငွေ အဆပေါင်းများစွာ တိုးတက်လာပြီး ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မှု အခြေအနေတို့အား လေ့လာကြည့်ရှု ခဲ့ပါသည်။ ယင်းနေ့ ညနေပိုင်းတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ပါသည်။
Source: MSWRR