၂၈.၂.၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံသံရုံးမှ Minister Counsellor ,Head off Section Office ဖြစ်သူ Mr. Johan Hallenborg ၊ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရေးဆိုင်ရာ အကြီးအကဲ Mr. Anders Frankenberg နှင့် British Council မှ Country Director ဖြစ်သူ Mr. Richard Sunderland တို့က ယနေ့တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားဆီလာရောက် တွေ့ဆုံပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်နိုင်ငံသံရုံးမှ Minister Counsellor ,Head off Section Office ဖြစ်သူ Mr. Johan Hallenborg နှင့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အကြီးအကဲ Mr.Anders Frankenberg တို့နှင့်တွေ့ဆုံရာတွင် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် လမ်းညွှန်မူဝါဒအသစ်များထားရှိသည့်ကိစ္စများ၊ ကုလသ မဂ္ဂအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ ဒေသတွင်း လွတ်လပ်စွာလှုပ်ရှား သွားလာ လုပ်ကိုင်ခွင့်၊ နိုင်ငံတွင်းနေထိုင်ကြောင်း အထောက်အထား (NV Card) ကိုင်ဆောင်နိုင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုရရှိခွင့်ကိစ္စများ၊ နိုင်ငံသားဖြစ်မှု စိစစ်ရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန် ညှိနှိုင်းထားရှိမှုများ၊ ဝန်ကြီးဌာနမှ ဦးဆောင်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေရေးဆွဲထားပြီး အတည်ပြုနိုင်ရန် ဆောင်ရွက် နေမှုများ၊ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဆိုင်ရာ ဥပဒေကြမ်းရေးဆွဲထားမှု၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဥပဒေချမှတ်ထားရှိပြီး နည်းဥပဒေအား အတည်ပြုနိုင်ရန် လွှတ်တော်သို့ တင်သွင်း ထားရှိမှုနှင့် ရခိုင်ပြည်နယ်အတွင်း သတင်းမီဒီယာများလွတ်လပ်စွာ သတင်းရယူရေးကိစ္စများ နယ်စပ် လုံခြုံရေးနှင့်ဒေသတွင်းလုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ BritishCouncil မှ Country Director ဖြစ်သူ Mr. Richard Sunderland နှင့် တွေ့ဆုံရာတွင် ဗြိတိသျှကောင်စီအနေဖြင့် မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်နေသော လုပ်ငန်း များ၊ Next Ganeration အမည်ဖြင့် လူငယ်ဆိုင်ရာသုတေသနစီမံကိန်းများကို British Councilမှ ကမ္ဘာတစ်လွှားဆောင်ရွက်ခဲ့မှုများ၊ VOS(Voluntary Service Oversea) အဖွဲ့အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးပြီးဆောင်ရွက်မည့် ကလေးသူငယ်ပညာ သင်ကြားရေး၊ သဏ္ဍာန်စုံ ပညာသင်ကြားရေး စနစ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စများမှတဆင့် ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှု များလျှော့ချရေး ဆောင်ရွက်မည့်ကိစ္စများ၊ British Councilနှင့် Next Generation သုတေသန လုပ်ငန်းအရ ဆောင်ရွက်မည့် လူငယ်ဆိုင်ရာသုတေသနတစ်ရပ်ကို မြန်မာနိုင်ငံတွင် ဆောင်ရွက်ရေးကိစ္စ၊ ဝန်ကြီးဌာနမှဦးဆောင်၍ လူငယ်မူဝါဒ ရေးဆွဲ ထုတ်ပြန်ထားပြီး လုပ်ငန်းစဉ်များဆက်လက် အကောင်အထည်ဖေါ် ဆောင်နေသည့်ကိစ္စများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဝန်ကြီးဌာနမှ လူမှုရေးလုပ်ငန်း တာဝန်ယူ ဆောင်ရွက်နေသော ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများအား ဆွေးနွေးခဲ့ကြပါသည်။