၂၈-၂-၂၀၁၈ ၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၂/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၁၃:၀၀)နာရီက လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ တွဲဖက် အတွင်းရေးမှူး ၊ လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်တို့နှင့်အတူ ကော်မတီအဖွဲ့၀င်များ ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ တက်ရောက်ခဲ့ပါသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ၊ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် ၂၀၁၈ ခုနှစ် အတွင်း ဒုတိယအကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ကော်မတီ၏အစည်းအဝေး (၁၀) ကြိမ်မြောက် ကျင်းပပြီးဖြစ်ပါကြောင်း ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အကြံပြုထားချက်များကို ကော်မတီမှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ရေရှည်ပဋိပက္ခ ကင်းဝေးပြီး အကျပ်အတည်းမျိုးစုံကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း ၊ ဆောင်ရွက်ရသော လုပ်ငန်း များသည် အလွန်အရေးကြီးပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်နေပါကြောင်း ၊ ဖွံ့ဖြိုးမှုဆိုင်ရာ အကျပ်အတည်း ၊ လူ့အခွင့် အရေးဆိုင်ရာ အကျပ်အတည်း ၊ လုံခြုံရေးဆိုင်ရာအကျပ်အတည်း ၊ တရားမျှတမှုဆိုင်ရာ အကျပ်အတည်းများကို ရခိုင်ပြည်နယ်အတွင်းနေထိုင်သူများ ခံစားခဲ့ရကြောင်း၊ အဆိုပါအကျပ်အတည်းများကို ဖြေရှင်း ခြင်းဖြင့် ရေရှည် တည်ငြိမ်အေးချမ်းမှု ရရှိမည်ဟုယုံကြည်ကြောင်း၊ ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုနောက်ကျသော ပြည်နယ်တစ်ခု ဖြစ်ခဲ့ရ သည့်အတွက် ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်လျှက်ရှိကြောင်း ၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးသည် အစိုးရ အဖွဲ့သစ်၏မူဝါဒဖြစ်သကဲ့သို့ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း တစ်ပါတည်း ဦးစားပေးဆောင်ရွက်နေကြောင်း ၊ လူတိုင်းလူ့အခွင့်အရေး စံနှုန်းများနှင့်အညီ ရရှိခံစားနိုင်ရေး အတွက် လိုအပ်သောဥပဒေ ၊ နည်းဥပဒေများကို ပြန်လည် ပြင်ဆင်ခြင်း ၊ အသစ် ရေးဆွဲခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း ၊ ပြည်နယ်အတွင်း နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ် (National Verification Process) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြင့် မြန်မြန်ဆန်ဆန် အကျိုးရှိမည်ဖြစ်ကြောင်း ၊ ဘေးဒဏ်ခံစားရသူ များကို အစိုးရမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တာ၀န်ယူဆောင်ရွက်ပေးလျှက်ရှိရာ ကော်မတီ၀င်၀န်ကြီးဌာန များအနေဖြင့် မိမိတို့၀န်ကြီး ဌာနများအလိုက် လုပ်ဆောင်ချက်များကို ပြည်သူသိအောင် ဖြန့်ဝေပေးဖို့ လိုအပ်ပါကြောင်း ၊ သွားလာမှုကန့်သတ်ချက်အဆင့်များ လျှော့ချနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ထားပြီး လိုအပ်သော လုံခြုံရေးကိစ္စများကိုလည်း ပြည်ထဲရေး၀န်ကြီးဌာနနှင့် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း ၊ အရေးကြီးဆုံးအချက်မှာ NV card ကိုင်ဆောင် ထားရန်လိုအပ်ကြောင်း ၊ လူသားချင်းစာနာမှု အထောက်အပံ့များ လုံလောက်စွာရရှိအောင် ဆက်လက်ဆောင်ရွက်ထောက်ပံ့နေကြောင်း ၊ UEHRD စေတနာ့၀န်ထမ်း လူငယ်အဖွဲ့ဖြင့် လည်း စာရင်းများ ကောက်ယူထောက်ပံ့မှုကို (၄) ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး (၅)ကြိမ်မြောက် သွားရောက် ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျှက်ရှိပါကြောင်း၊ သက်ဆိုင်ရာ၀န်ကြီးဌာနအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြီးကြပ်မှုနှင့် ပြန်လည်ဆန်းစစ်မှုများ လုပ်ဆောင်သွားရန်လိုအပ်ပါကြောင်း ၊ လုံခြုံရေးအကျပ်အတည်းနှင့် စပ်လျဉ်း၍ နိုင်ငံနယ်နိမိတ်လုံခြုံရေးအတွက် အဓိကလုပ်ဆောင်နေပါကြောင်း၊ နယ်စပ်ခြံစည်းရိုး ကာရံမှုများလုပ်ဆောင်လျှက် ရှိရာ အတော်အသင့် ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ပြန်လည်၀င်ရောက်လာသူများအား သေချာစွာစိစစ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ပါကြောင်း ၊ ဖွံ့ဖြိုးမှုလုပ်ငန်းများကို ပြည်နယ်တစ်ခုလုံး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကော်မတီ၏ ပြည်သူသို့ လေးလတစ်ကြိမ် အစီရင်ခံစာကို ပထမအကြိမ်အစီရင်ခံတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ လိုအပ်သည်များကို အကြံ ဉာဏ်ပေးကြပါရန်နှင့် အစီရင်ခံစာအတွက် အချက်အလက်များပေးပို့သော ၀န်ကြီးဌာနအားလုံးကို ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ဒုတိယအကြိမ် ထုတ်ပြန်မည့် ပြည်သူသို့ အစီရင်ခံစာအတွက် ထပ်မံကြိုးစားဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ၊ လူမှု၀န်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်က ယခင်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ၀န်ကြီးဌာနများမှ တာ၀န်ရှိသူများက မိမိတို့၀န်ကြီးဌာနအလိုက် ရခိုင်ပြည်နယ် အတွင်း ဆောင်ရွက်လျှက်ရှိသည့် အခြေအနေများ ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ ၊ လိုအပ်ချက်များကို အသီးသီး ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ နှင့် တက်ရောက်လာသူများက ဝိုင်း၀န်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေး( ၁၇:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။