၂၄-၂-၂၀၁၈ ၊ ပဲခူးမြို့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတွေ့ဆုံ၍ ပြည်သူကို တိုက်ရိုက်အကျိုးရှိစေမည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မသန်စွမ်းများ၏ အခွင့်အရေးဖော်ဆောင်ရွက်ရေး လုပ်ငန်းများ နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိပြည်သူများအတွက် နိုင်ငံတော် အစိုးရနှင့် တိုင်းဒေသကြီးအစိုးရတို့ ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်ကြမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးနှင့်အဖွ့ဲသည် ပဲခူးတိုင်း ဒေသကြီး၊ ကဝမြို့နယ်၊ ကံတော်ကျေးရွာအနီးတွင် စစ်တောင်းမြစ်ကမ်းပါး ရေတိုက်စားပြိုကျနေမှု အခြေ အနေများကို ကွင်းဆင်းကြည့်ရှု့ပြီး ကံတော်ကျေးရွာရှိအခြေခံပညာ အလယ်တန်းကျောင်းတွင် ကဝမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရမည့် ကျေးရွာ(၆)ရွာမှ ပြည်သူများအတွက် ဆန်ရိက္ခာဖိုး ငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများတွင် ကမ်းပြိုဘေးမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုပမာဏမှာ များပြားလေ့ရှိပါကြောင်း၊ ယခု ကဝမြို့နယ်ရှိဘန်ဒါ၊ ကံတော်၊ တံတားဦး၊ ငှက်ကြီးရေကျော်၊ ကံရနှင့် အောင်ဇေယျ ကျေးရွာများတွင် (၃)နှစ်အတွင်းကျေးရွာပိုင်မြေ(၂၁၈၇၉)ဧကကျော် ဆုံးရှုံးခဲ့ရပြီးဆက်လက်ဆုံးရှုံးရမည့်အခြေအနေများနှင့်လည်း ကြုံတွေ့နေရပါကြောင်း၊ အိမ်/ခြံ/ မြေယာ ဆုံးရှုံးခဲ့ရသော ပြည်သူများအနေဖြင့် ပြောင်းရွှေ့ပြန်လည်တည်ဆောက်ကြရာတွင် အစိုးရအနေဖြင့် လိုအပ် သောအထောက်အပံ့များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ လူတိုင်းအခြေခံလူ့အခွင့် အရေး ရရှိရေးနှင့် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် မိမိတို့ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ရေရှည်တွင် စစ်တောင်းမြစ်ဝှမ်းနှင့်ပတ်သက်သည့် ပိုမိုကောင်းမွန်စနစ်ကျသော နိုင်ငံတော်စီမံကိန်းတစ်ခု အကောင် အထည်ဖော်ဆောင်ရွက်ရေးအတွက်လည်းဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် အစိုးရ၊ လွှတ်တော်တို့နှင့်အတူလက်တွဲပြီး ကြုံရမည့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သော လူ့အသိုက်အဝန်းဖြစ်ရန် ဆောင်ရွက်နေမည်ဖြစ်ပါ ကြောင်းပြောကြား ခဲ့ပြီးစစ်တောင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် ကျေးရွာ(၆)ရွာမှ ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၈၄၇၈၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၇၁၀၀၀၀၀) ကျပ်တို့ကို ထောက်ပံ့ ပေးအပ်ရာကျေးရွာအသီးသီးမှ တာဝန်ရှိသူများက လက်ခံရ ယူကြပြီး ပြည်သူများ၏ကိုယ်စား ကဝမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့အပြင် ကျေးရွာများတွင် နေ့ပိုင်းစောင့်ရှောက်ရန် လိုအပ်သောကလေးငယ်များရှေးဦးအရွယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မိခင်ဝိုင်းများဆောင်ရွက်ရန် ထောက်ပံ့ငွေကျပ် (၁၃၇၇၀၀၀) ကိုလည်းထောက်ပံ့ပေးအပ်ခဲ့ပြီး ကလေးငယ်များအတွက် အာဟာရ မုန့်နှင့် ကစားစရာအရုပ်များကိုလည်း ဝေငှပေးခဲ့ပါသည်။
မွန်လွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည် ကဝမြို့နယ်၊ ငွေတောင်ရွာမှ မမောက်ရွာ အထိစစ်တောင်းမြစ်ကမ်းယာယီရေငန်တားတာတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့်အခြေအနေများနှင့် လိုအပ်ချက်များကို တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကလိုအပ်ချက်များ ကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါခရီးစဉ်တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးကြည်ဇင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမိုးမြင့်အောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်း သတင်းရရှိပါသည်။