၂၂-၂-၂၀၁၈၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စုစီမံကိန်း (UEHRD) လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက် အားဖြည့်နိုင်ရန် ဂျပန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့် သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့ (၆)ဖွဲ့က ပေါင်းစပ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် စီမံကိန်း(၂)ရပ် လက်မှတ်ရေးထိုးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နေ့လည်ပိုင်းတွင်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ ဆိုင်ရာဂျပန်သံအမတ်ကြီး H.E Mr. Tateshi HIGUCHI, UNICEF, WFP, UNFPA, UNDP, UNHCR, UN Woman အဖွဲ့မှ ဌာနေကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာစီမံကိန်းများအလိုက် အထောက်အပံ့များအတွက် ဂျပန်နိုင်ငံ အစိုးရအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ စီမံကိန်းများရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများတွင် မြန်မာနိုင်ငံအစိုးရဦးဆောင်မှုဖြင့် (UEHRD) လုပ်ငန်းစဉ်ပါ ပြန်လည်လက်ခံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးခြင်း၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးများ ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးက ဂျပန်နိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဂျပန်ယန်းငွေ (၂.၂) ဘီလီယံခန့် အကူအညီပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီခဲ့ပါကြောင်း၊ UEHRD မှတဆင့် ဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့(၆)ဖွဲ့သို့ ရန်ပုံငွေထောက်ပံ့မည်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Taro Kono အနေဖြင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ပြန်လည်လက်ခံရေးစခန်းများနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ မျက်မြင်သွားရောက်လေ့လာပြီးနောက် ရခိုင်ပြည်နယ်အတွက် အကူအညီများ ဆက်လက်ပေးအပ်သွားရန် ဂျပန်အစိုးရမှ ဆုံးဖြတ်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများ အတူတကွ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: MSWRR