
နေပြည်တော်
၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်
ယမန်နေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယူနီဆက် (မြန်မာ) လူမှု ကာကွယ်စောင့်ရှောက်ရေးအကြံပေးဖြစ်သူ Mr. Michael Samson က လာရောက်တွေ့ဆုံပြီး လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတိုးမြှင့် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ စီမံချက်ရေးဆွဲရာတွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဓိကထည့်သွင်းသင့်သည့်အချက်များ၊ ထည့်သွင်းစဉ်းစား ရမည့်ကုန်ကျငွေများ၊ လိုအပ်မည့် လူသားအရင်းအမြစ်များ၊ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းများကို ကာလလတ်အစီအစဉ်ဖြင့် စီမံချက်ချရေးဆွဲထားမှုကို တင်ပြခဲ့ပါသည်။
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် ပြည်သူကိုတိုက်ရိုက်အကျိုးရှိစေပြီး နိုင်ငံတော်အစိုးရက ဦးစားပေးဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများဖြစ်ရာ အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပြီး ရန်ပုံငွေပိုင်းဆိုင်ရာစီစဉ်ထားရှိကာ နိုင်ငံတော်၏ ဦးစားပေးအဆင့် သတ်မှတ် ချက်ဖြင့် ရန်ပုံငွေခွဲဝေမှုတွင် တိုးမြှင့်ရရှိရန် လိုအပ် ကြောင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ယူနီဆက်(မြန်မာ)မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြ ကြောင်းသတင်းရရှိပါသည်။