မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သော ကလေးငယ်များအတွက် သင်တန်းကျောင်း ဖွင့်လှစ်ခြင်းနှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များကို ကျင်းပ ပြုလုပ်မှုသတင်း

ms2 ms1

ms4

၁၇.၂.၂၀၁၈၊ မော်လမြိုင်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်းဝင်းအတွင်းတွင် ယနေ့ကျင်းပ ပြုလုပ်သော အထူးပြုစုစောင့်ရှောက်ရေးရန်လိုအပ်သောကလေးများ လေ့ကျင့်သင်ကြားရေး ကျောင်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားရာ အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို အလေးထားလျက်ပြည်သူများ တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသော လုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်နေပါကြောင်း၊ ယနေ့ဖွင့်လှစ်သော သင်တန်းကျောင်း အဆောက်အဦး သည်ပြည်သူအတွက် တိုက်ရိုက်အကျိုးရှိမည့်လုပ်ငန်းကိုပြည်သူ၏ပူးပေါင်းပါ၀င်မှုဖြင့်အကောင်အထည်ဖေါ်နိုင်ခြင်းကိုပြသခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်  ကလေးသူငယ်များကို ကလေးသူငယ်များ၏ အခွင့်အရေးများဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါ၀င်ခွင့်များကို အပြည့်အဝပေးနိုင်ရန် မူဝါဒ၊ဥပဒေ၊ နည်းဥပဒေများကို ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးဥပဒေ မကြာမီ ပေါ်ပေါက်တော့မည်ဖြစ်ရာ ပိုမို၍ထိရောက်စွာဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မသန်စွမ်း ကလေးသူငယ်များ တွင် အကျုံးဝင်သည့် ဉာဏ်ရည်မသန်ကလေးငယ်များအတွက် အထူးပြုစုစောင့်ရှောက်ရန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ မသန်စွမ်းဥပဒေ၊ နည်းဥပဒေနှင့် အမျိုးသားကော်မတီကို ဖွဲ့စည်းပြီး ဖြစ်ရာ မသန်စွမ်းများအခွင့်အရေးကိုအပြည့်အဝ ဆောင်ရွက်ပေးရန် ဘဏ္ဍာငွေတစ်ရပ် ထူထောင်ထား ရှိရန် ဆောင်ရွက် လျက်ရှိကြောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်ယနေ့ဖွင့်လှစ်သည့် အထူးပြုစု စောင့်ရှောက်ရန်လိုအပ်သော ကလေးငယ်များ သင်တန်းကျောင်းတွင် ဉာဏ်ရည်မသန်သော ကလေးငယ်များအားလေ့ကျင့်ပေးခြင်း၊ မိဘများ အား ပညာပေးခြင်း၊ ကလေးများ၏ဖွံဖြိုးတိုးတက်မှုနှင့် ပါ၀င်ဆောင်ရွက်ခွင့်များရရှိအောင် ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးလျက်ရှိသော New Life Foundation နှင့် New World မှသင်တန်းဆရာ၊ ဆရာမများ၊ ဤကျပ်သိန်း(၂၉၀၀)ကျော် တန်ဖိုးရှိ အဆောက်အဦ ဖြစ်မြောက်အောင်လှူဒါန်းငွေထည့်ဝင်ကြသော စေတနာရှင် ပြည်သူများ၊ ပြည်နယ်အစိုးရနှင့်ပြည်နယ် ကျန်းမာရေးဝန်ထမ်းများ၊ ပံ့ပိုးဆောင်ရွက်ပေး ကြသူများအားလုံး ကျေးဇူးတင်ရှိပါကြောင်း၊ ဤကဲ့သို့ သောကျောင်းများကို နိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်လာစေရန်အတွက် အတူတကွ ဆက်လက်ကြိုးပမ်း သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထိုု့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက အမှာစကားပြောကြားပြီး ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားဖန်တီးပါ၀င်သူရုပ်ရှင်မင်းသား ဇဏ်ခီနှင့် ခရစ္စတီးနားခီ၊ New Life Foundation မှ ဒေါက်တာသိန်းအောင်တို့က အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပါသည်။ ကျောင်းတည်ဆောက်ရာတွင်ပါ၀င်သူ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အဆောက်အဦအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  လွှတ်တော် ကိုယ်စားလှယ်များ၊ အလှူရှင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။                                                             ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမတွင် ကျင်းပသော ရင်ခွင့်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားရာ ယခုအခါတွင်စွန့်ပစ်ကလေးငယ်များ ပိုမိုများပြားလာခြင်းကို သိရှိရကြောင်း၊ ကလေးငယ် များကိုစွန့်ပစ်ခြင်းမှကာကွယ်ရန်နှင့် စွန့်ပစ်ခံကလေးငယ်များအား ကာကွယ် စောင့်ရှောက်ရန် လိုအပ်နေသော ကြောင့် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဤကိစ္စသည် အမျိုးသမီးငယ်များ လူငယ်များနှင့် သက်ဆိုင်လျက်ရှိကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေရာကော်မတီကိုဖွဲ့စည်းပြီး ၄င်းကော်မတီ၏ အောက်တွင် အမျိုးသမီးအရေးတက်ကြွစွာ ဆောင်ရွက် နေသော အမျိုးသမီးအဖွဲ့အစည်းများ အားလုံးပူးပေါင်းပါ၀င်ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာသေးမီက လူငယ်မူဝါဒကိုလည်း အတည်ပြုပြဌာန်းခဲ့ပြီး ဖြစ်ရာ ယခုအခမ်းအနားတွင် ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအမျိုးသမီးအဖွဲ့၊ ကော်မတီတွင်ပါ၀င်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးအဖွဲ့အစည်းများ၊ တက္ကသိုလ်အသီးသီးမှ လူငယ်များ အပါအဝင် လူမှုအဖွဲ့အစည်းများမှ လူငယ်များပါ၀င်၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရင်ခွင်မဲ့ ကလေးငယ် များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလှုပ်ရှားမှုအခမ်းအနားမှ ရရှိသော အသိပညာ၊ဗဟုသုတ၊ အတွေ့အကြုံများကိုအသုံးချ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်အကောင်အထည်ဖေါ် ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဖွင့်အမှာစကား ပြောကြားခြင်း၊ မွေးကင်းစ ကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဌဖြစ်သူ ဒေါ်မေယဉ်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ ဒုတိယဥက္ကဌ ဒေါက်တာမြသီတာက လှုပ်ရှားမှုအစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ မော်လမြိုင်တက္ကသိုလ် ခရစ်ယာန် မိတ်သဟာအဖွဲ့မှ လူငယ်များက တေးသံရှင်ဝေလ၏ “လူဖြစ်ခွင့်ပေးပါ” သီချင်း သရုပ်ဖော်တင်ဆက်ခြင်း၊ စေတနာရှင် ပြည်သူများ၏ အလှူငွေများကို လက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခန်းမအတွင်း၊အပြင် ပြသထားသောပြခန်းများကို ကြည့်ရှုလေ့လာခြင်း၊ စကားဝိုင်းများတွင် ပါ၀င်ဆွေးနွေးခြင်း များကို တက်ရောက်လာကြသူများနှင့်အတူ ရင်းရင်းနှီးနှီး လေ့လာကြည့်ရှုခဲ့ကြပါသည်။                                                    အထက်ပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့်လွှတ်တော် ကိုယ်စားလှယ်များ၊ မွေးကင်းစကလေးငယ်စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မွန်ပြည်နယ် အမျိုးသမီးရေးရာကော်မတီဝင်များ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်ကိုယ်စား လှယ်များ၊ မော်လမြိုင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ သထုံကွန်ပျူတာတက္ကသိုလ်၊ ကျန်းမာရေး သူနာပြုသင်တန်းကျောင်းနှင့် ပညာရေး ကောလိပ်တို့မှကျောင်းသား၊ကျောင်းသူများ၊ အနုပညာရှင်များနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။             မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ဧည့်ရိပ်သာ ပဒိုဒေးဗစ်တောခန်းမတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကရင်ပြည်နယ်အတွင်း ရှေ့ဆက်ဆောင်ရွက်မည့် ပြန်လည်ထူထောင် ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြရာ ရင်ခွင်မဲ့ကလေးငယ်များ လျော့နည်း ပပျောက်ရေးအသိပညာပေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မသန်စွမ်း အခွင့်အရေးများဆိုင်ရာကိစ္စရပ်များ၊ တိုက်ပွဲရှောင်ကလေးငယ်များနှင့်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ မူကြိုနှင့်မိခင်ဝိုင်းများ ပိုမိုပေါ်ထွန်းလာရေးကိစ္စရပ်များနှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာပညာရပ်များ သင်ကြားပေးနိုင်မည့် အခြေအနေများ၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးခြင်းဖြင့် လက်ရှိရရှိပြီးဖြစ်သော ငြိမ်းချမ်းမှုတည်တံ့ရန်နှင့်ပိုမိုတိုးတက်ရန် စသည်များကို ဆွေးနွေးခဲ့ကြပါသည်။          ထို့နောက် ဘားအံမြို့ရှိ သီရိဟေမာ သီလရှင်စာသင်တိုက်သို့ရောက်ရှိကြပြီး စောင့်ရှောက်ခံ အမျိုးသမီးငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ငွေ ကျပ်သိန်း(၃၀)ကို ပေးအပ်ခဲ့ပြီး ၄င်းမှတဆင့် အမှတ်(၃)ရပ်ကွက်တွင် ဆောက်လုပ်လျက်ရှိသော ဘက်စုံသုံး ဘေးအန္တရာယ်ဆိုင်ရာ အဆောက်အဦဆောက်လုပ်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events