ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ မိသားစုသုံးပစ္စည်းများ လှူဒါန်းလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

၁၅-၂-၂၀၁၈၊ စစ်တွေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ မိသားစုသုံးပစ္စည်းများ လှူဒါန်းလွှဲပြောင်းပေးအပ်ခြင်းအခမ်း အနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန အသစ်ဖွင့်လှစ်ဆောင်ရွက်နေမှုများနှင့် ယခုလှူဒါန်းသောပစ္စည်းများကို ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အကျိုးရှိစွာအသုံးပြုမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကျေးဇူး တင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအချိန်ပြည့်အမှုဆောင် ဒေါက်တာဒေါ်အမရာမော်နိုင်က လှူဒါန်းရခြင်းအကြောင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ထိုင်း နိုင်ငံကြက်ခြေနီအသင်းမှ လက်ထောက်အထွေထွေအတွင်းရေးမှူး Mr. TejBunnag က ယခုလိုလှူဒါန်း ရခြင်းအကြောင်းနှင့် ဘူးသီးတောင်နှင့်မောင်တောမြို့ ဆေးရုံများတွင် ထားရှိမည့် အမေရိကန်ဒေါ်လာ တစ်သိန်းခန့်တန်ဘိုးရှိ သွေးသန့်သိုလှောင်ခန်း (၂) ခုကို ဆက်လက်လှူဒါန်းမည့်ကိစ္စရပ်များ ပြန်လည်ရှင်း လင်းပြောကြားခဲ့ပါသည်။
အဆိုပါလှူဒါန်းပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသူများနှင့်စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ၎င်းလှူဒါန်းပစ္စည်းများအား ရခိုင်ပြည်နယ် အတွင်းရှိဘေးဒုက္ခခံစားနေရသူအားလုံးအတွက် စနစ်တကျထိရောက်စွာထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ၎င်းလှူဒါန်းပစ္စည်းများ၏ တန်ဖိုးငွေစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ (၁) သိန်းခန့် ရှိကြောင်းသိရပါသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ရောက်ရှိနေသော ဒုတိယဝန်ကြီးဦးစိုးအောင်သည် တာဝန်ရှိသူများ နှင့်အတူယနေ့ နံနက်ပိုင်းကရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သိုလှောင်ရုံ သို့သွားရောက်၍ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသိုလှောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ် ဆေးပါသည်။
ဒုတိယဝန်ကြီးက ဘေးအန္တရာယ်ဒဏ်ခံပြည်သူများအပေါ် ပြန်လည်ထူထောင်ပေးရာတွင် ဝန်ကြီး ဌာန၏ မူဝါဒနှင့်အညီလူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူမှုအသိုက်အဝန်းဖြစ်ပေါ်လာစေရန်ဦးတည်၍ ဆောင်ရွက်ရန်၊ ထောက်ပံ့ရေးပစ္စည်းများစနစ်တကျသိုလှောင်ထားရှိရေးနှင့် လုပ်ငန်းများထိရောက်မြန်ဆန်စွာ ထောက်ပံ့ပေးနိုင်ရေးမှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးရှိ ကလေးပြုစုရေးဌာနသို့ သွားရောက်၍ ရှေးဦးအရွယ်ကလေးသူငယ်များအားနည်းစနစ်မှန်ကန်စွာဖြင့် ပြုစုပျိုးထောင်ပေးရေး၊ ကလေး သူငယ်များအားကျွေးမွေးမှုအာဟာရ ပြည့်ဝစေရေး၊ ကလေးငယ်များအားကျန်းမာရေးအသိရှိစွာ ပြုစု ပျိုးထောင်ပေးရေးမှာကြားခဲ့ပါသည်။ ထို့အပြင် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ အဆောက်အဦလိုအပ်ချက်များ အပေါ် ဖြည့်ဆည်းပေးရန် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိအစည်းအဝေးခန်းမတွင် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်ကိုယ်စားလှယ်များနှင့် အစ္စလာမ်ဘာသာဝင် များ၏ ကိုယ်စားလှယ်များ နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားပြီးတက်ရောက်လာသောကိုယ်စားလှယ်များနှင့် (NV Card) ပြုလုပ်ကိုင်ဆောင်ရေးကိစ္စရပ်များ၊ ယုံကြည်မှုတည်ဆောက်ရေးကိစ္စရပ်များ၊ စစ်တွေမြို့ပေါ်တွင် သွားလာ လှုပ်ရှားမှုဆိုင်ရာကိစ္စရပ်များအားရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

Sign Up

Upcoming Events