၁၄-၂-၂၀၁၈၊ စစ်တွေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန သည် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ဘဝ ကနဦး ပထမရက်ပေါင်း (၁၀၀၀) အတွင်း အာဟာရ ပြည့်ဝစွာ စားသုံးခွင့်ရ၍ ကျန်းမာသန်စွမ်းသော လူသားအရင်းအမြစ်များအဖြစ် ရှင်သန် ကြီးပြင်း နိုင်စေရေးရည်ရွယ်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်အား အာဟာရအခြေအနေ နိမ့်ပါးသော ဒေသများဖြစ်သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ များတွင် စတင်အကောင်အထည်ဖော်လျက် ရှိပါသည်။
ယနေ့ ၁၄.၂.၂၀၁၈ ရက်နေ့တွင် အဆိုပါအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်သော ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ပထမအကြိမ် ငွေကြေးထောက်ပံ့မှုအခမ်းအနားအား စစ်တွေမြို့ရှိ ရွာကြီး မြောက် ဓမ္မာရုံ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့တက်ရောက်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးမိခင်များအား ထောက်ပံ့ငွေများ ပေးအပ် ထောက်ပံ့ခဲ့ပါသည်။ ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့ သက္ကေပြင် IDP စခန်းသို့ သွားရောက်ထောက်ပံ့မှု များပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်အရ ပထမအကြိမ်ငွေကြေးထောက်ပံ့မှုသည် ၂၀၁၇ ခုနှစ် ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် အကျုံးဝင်ခဲ့သော အကျိုးခံစားခွင့်ရှိသူများအတွက် ဖြစ်ပြီး စစ်တွေမြို့နယ်၌ အကျိုးခံစားခွင့်ရှိသူဦးရေ (၈၀၇၆) ဦးရှိကြောင်းသိရပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကျင်းပပြုလုပ် သော “ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ် (၁၇)မြို့နယ် အတွင်းရှိ ကလေးများအား စဉ်ဆက်မပြတ် ပဲနို့အာဟာရတိုက်ကျွေးနိုင်ရန်အတွက် ပဲနို့ကြိတ်စက်များ၊ ဆက်စပ် ပစ္စည်းများနှင့် နည်းပညာပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အမှာစကားများ ပြောကြားခဲ့ပြီး ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်း ဥက္ကဌ၊ ဦးရှိန်ဝင်းက လှူဒါန်းရသည့်အကြောင်း ရင်း၊ ပဲနို့သောက်သုံးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး လှူဒါန်းပစ္စည်းများ အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ကလေးငယ်များအားပဲနို့အချိုရည်များ တိုက်ကျွေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ရခိုင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သတင်းရရှိပါသည်။