ချင်းပြည်နယ်အတွင်း ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ဒုတိယဝန်ကြီးကြည့်ရှု စစ်ဆေးမှုသတင်း

6_Pic_02
၅-၂-၂၀၁၈၊ နေပြည်တော်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဦးစိုးအောင်သည် (၄-၂-၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် ဟားခါးမြို့ရှိ ပြည်နယ်လူမှုဝန်ထမ်းရုံးသို့ရောက်ရှိပြီး ပြည်နယ်ရုံး ဆောက်အဦသစ်တည်ဆောက်နေမှုအခြေအနေများကိုကြည့်ရှုခြင်း၊ ပြည်နယ်တွင်းဆောင်ရွက်နေသော လူမှုဝန်ထမ်းလုပ်ငန်းများ ပီပြင်စွာ အကောင်အထည်ဖော်ရေး၊ ပြည်သူများ၏အကြံပြုချက်များကိုနားထောင်၍ ဆန်းသစ်သောအမြင် လုပ်ဆောင်ချက်များဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးရေး၊ ချင်းပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများ ထောက်ပံ့သည့်လုပ်ငန်းများနှင့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးသည့်လူမှုရေးပင်စင်များ ထောက်ပံ့ပေးနေမှု လုပ်ငန်းများကို လက်ဝယ်အရောက်ထောက်ပံ့ပေးရန်အတွက် ကြပ်မတ်ပေးရေး ပေါင်းစပ်ညှိနှိုင်းရေးတို့ကို မှာကြားပါသည်။
ထို့နောက် (၅-၂-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းသို့ရောက်ရှိကာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်မှုများကို နည်းစနစ်မှန်ကန်စွာဖြင့် ပြုစုပျိုးထောင်ပေးရေး၊ ကလေးသူငယ်များ ကျန်းမာ ရေးအသိရှိစွာ ပြုစုပျိုးထောင်ပေးရေး၊ ကျွေးမွေးမှုများ၊ အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးဆေးစစ်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ပုံမှန်ဆောင်ရွက်ရေးမှာကြား ညှိနှိုင်းခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ကလေးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကလေး မြို့ရှိ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာနအောက်တွင် အသစ်တိုးချဲ့ဖွဲ့စည်းသည့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပါအဝင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန်လိုအပ်သော လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာအရ စောင့်ရှောက်ပေးရန် လိုအပ်သောအုပ်စုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဘေးဒဏ်ခံပြည်သူများအပေါ် ပြန်လည်ထူထောင်ပေးရာတွင် လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူမှု အသိုက်အဝန်းဖြစ်ပေါ်ရေးဆိုသည့် ဝန်ကြီးဌာန၏မူအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
ရှင်းလင်းပြောကြားချက်များအပေါ် ချင်းတွင်းကွန်ယက်လူမှုရေးအဖွဲ့၊ ကလေးလွင်ပြင် ရေဘေးကူညီရေးအဖွဲ့၊ အရုဏ်နီ လူမှုရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က ပါဝင်ဆွေးနွေးကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေး၊ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များရောင်းချရေး၊ ကျောင်းကျန်းမာရေးစစ်ဆေးမှုများ ထိရောက်မှု ရှိစေရေး၊ လူငယ်စင်တာများထူထောင်ပေးရေး၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး စခန်းများဖွင့်လှစ်ပေးနိုင်ရေး၊ နုံးတား ဆည်တည်ဆောက်နေမှုကို မိုးမကျမီ ပြီးစီးရေး၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များ အတွက် ပြည်သူများအတွင်း အသိပညာမျှဝေပေးရေး၊ ကလေးမြို့နယ်တွင်းရှိ နွေရာသီတွင်ရေရှားပါးသောကျေးရွာများအတွက် တစ်ဖက်ပိတ်ဆည်များ၊ သောက်ရေကန်များတည်ဆောက်ပေးရေး၊ ဘေးအန္တရာယ်ကင်းလွတ်ရာ နေရာသို့ရွှေ့ပြောင်းရာတွင် သွားလာ လွယ်ကူစေရန် ကျေးရွာအတွင်းလမ်းများ အဆင့်မြှင့်တင်ရန်၊ မိဘမဲ့ကလေးများစောင့်ရှောက်ပေးသော ပရဟိတဂေဟာများ ဂေဟာ စည်းမျည်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအပြင် ၂၀၁၅ ရေဘေးကာလတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဖြင့် ဆောင်ရွက်ခဲ့သော ရက္ကန်းစင်လုပ်ငန်းများ အောင်မြင်မှုအပေါ် ပြန်လည်သုံးသပ်၍ အခြားလုပ်ငန်းများကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ရင်ခွင်မဲ့ကလေးများပြုစု ပျိုးထောင်ရေးကိစ္စရပ်များ စသည်တို့ကိုဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနိုင်သည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး အခြားဝန်ကြီးဌာနက ဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့်လည်း ပေါင်းစပ်ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

Source:  MSWRR

Sign Up

Upcoming Events