၁-၂-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး H. E. Mr. Nicholas Coppel က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးက မြန်မာနိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်အရအကောင်အထည်ဖော်မည့်လုပ်ငန်းများ၏ တိုးတက်မှုဖြစ်စဉ်များ၊ ရခိုင် ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖေါ်ရေးကော်မတီလုပ်ငန်းများ၊ မစ္စတာကိုဖီအာနန် အကြံပြုချက်တွင်ပါရှိသည့် လူမှုသဟဇာတဖြစ်မှုဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများ၊ UEHRD ၏ လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပြန်လည်နေရာချထားရေးဆိုင်ရာအစီအစဉ်များ၊ မြန်မာနိုင်ငံသို့ပြန်လည် ဝင်ရောက် လာသူများအနေဖြင့် ပါဝင်လုပ်ကိုင်နိုင်မည့် Cash for Work အစီအစဉ်နှင့် လုံခြုံရေး စီမံဆောင်ရွက်မှု အခြေအနေများ၊ မြန်မာ-ထိုင်းနယ်စပ်ရှိဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေး စိစစ် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက UEHRD၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ရေးကော်မတီ၏ ဆောင်ရွက်ချက်များ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်အရ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များသည် ဆက်စပ်လျက်ရှိပါကြောင်း၊ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်း အလုပ်များ လုပ်ကိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးလက်လှမ်းမီရေးတို့အတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ရရှိရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်အရ နိုင်ငံသားဖြစ်မှုကိုဥပဒေနှင့်အညီရရှိရေး၊ နိုင်ငံအတွင်းနေထိုင်ခွင့် အထောက်အထား NVC (National Verification Card) ကိုင်ဆောင်ထားခြင်းဖြင့် လွတ်လပ်စွာသွားလာ ခွင့်ကို ဥပဒေအရရရှိရေးနှင့် သွားလာခွင့်ကန့်သတ်ချက်များ လျှော့ချရေးတို့ကို ညှိနှိုင်း ဆောင်ရွက်ထားရှိ ကြောင်း၊ လုံခြုံစိတ်ချရမှုအတွက် ဥပဒေနှင့် အညီဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို UEHRD အစီအစဉ်ဖြင့် အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ခြင်း၊ စီးပွားရေးဇုံများတည်ထောင်ခြင်းတို့ အတွက် စနစ်တကျ စီစဉ်လျက်ရှိကြောင်း၊ ပြန်လည်ဝင်ရောက်မည့်သူများ ကိုယ်တိုင်ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်ပြီး ၎င်းတို့အတွက် လုပ်အားခအခကြေးငွေထောက်ပံ့ပေးမည့် Cash for Work အစီအစဉ်လည်းရှိကြောင်းဖြင့်ဆွေးနွေးပါသည်။ ထို့နောက် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်မည့် မြန်မာ နိုင်ငံသားများအားစနစ်တကျလက်ခံနိုင်ရေး၊ ပြန်လည်နေရာချထားရေး၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖေါ်ဆောင်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်းဆွေးနွေးပြောကြားခဲ့ပြီး ဝန်ကြီး ဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန အသစ်အားတည်ထောင်ထားပြီး လူကုန်ကူးခံရသူများ၊ မသန်စွမ်းသူများ၊ မူးယစ်ဆေးစွဲနေသူများနှင့်ပြန်လည်ထူထောင်ရေးလိုအပ်နေသူများအတွက် ဘက်စုံ ပြန်လည်ထူထောင်ရေးဌာနဖွင့်လှစ်သွားမည့် စီမံကိန်းကိုလည်းရှင်းလင်းပြောကြားခဲ့ပါသည်။