၂၉.၁.၂၀၁၈
နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား The World Bank မှ မြန်မာနိုင်ငံဆိုင်ရာ Global Director for Social Protection and Jobs ဖြစ်သူ Mr. Steen Lau Jorgensenက ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် Mr. Steen Lau Jorgensen က မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအတွက် ဂုဏ်ယူပါ ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား အလေးပေးဆောင်ရွက်နေသည့် အတွက် ဝမ်းမြောက်ပါကြောင်း၊ ရခိုင်ပြည်နယ် အတွက်ဆောင်ရွက်နေသည်များကိုသိရှိပါကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေး အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီအစဉ် (MCCT Program) အားတိုုးချဲ့နိုင်ရေးကူညီပေးလိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့အစိုးရသစ်အနေဖြင့် မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ သက်ကြီး ရွယ်အိုများအပါအဝင် မွေးကင်းစကလေးမှ သက်ကြီးရွယ်အိုများအထိ အားလုံးအကံျုးဝင်သော လူမှု ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ပိုမိုထိရောက်စေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ MCCT အစီအစဉ်ကို ချင်းပြည်နယ်တွင် LIFT ရန်ပုံငွေဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် နာဂဒေသတွင် အစိုးရဘတ်ဂျက်ဖြင့်လည်းကောင်း၊ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွက် UEHRD အားတည်ထောင်၍ မိတ်ဆွေနိုင်ငံများ၊ မိတ်ဆွေအဖွဲ့အစည်းများ၏ အကူအညီဖြင့် လူသားချင်းစာနာမှု အကူအညီများ၊ ပြန်လည်ထူထောင်ရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာတွင် အဓိကဦးစားပေး အစီအစဉ်(၈)ခုပါဝင်ပြီး အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်နှင့် MCCT အစီအစဉ်များအား အကောင် အထည်ဖေါ်လျက်ရှိပါကြောင်း၊အရေးပေါ်ငွေကြေးထောက်ပံ့ရေးနှင့် ပုံမှန်ငွေကြေးထောက်ပံ့ရေး ဆိုင်ရာ အစီအစဉ်များဆောင်ရွက်နေပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအတွက် သတင်းအချက် အလက် စီမံခန့်ခွဲမှုဆိုင်ရာစနစ်တစ်ရပ် လိုအပ်လျက်ရှိပါကြောင်း၊ MCCT အစီအစဉ်အား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့တွင် ယနေ့စတင်ပြီဖြစ်ပါကြောင်း၊ လိုအပ်သော အချက်အလက်များ ကောက်ယူပြီးပါက အခြားသော မြို့နယ်များသို့ တိုးချဲ့ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ် များ၏ အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသော အခွင့်အရေးများ အပြည့်အ၀ ရရှိနိုင်ရေးဆောင်ရွက်လျက်ရှိပြီး၊ ကလေးသူငယ် ဆိုင်ရာ ဥပဒေအသစ်ပြဌာန်းပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ်အား ဖွဲ့စည်းထားရှိပါကြောင်း၊ သက်ကြီးရွယ်အိုငွေကြေး ထောက်ပံ့ရေးဆိုင်ရာ လူမှုရေးပင်စင်၏ အသက်အရွယ်ကန့်သတ်ချက်ကို လျော့ချသွားရန်ကြိုးပမ်းလျက် ရှိပါကြောင်းပြောကြားပြီး MCCT အစီအစဉ်တွင် ကမ္ဘာ့ဘဏ်အနေဖြင့် ထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများ ကို အကြံပြုဆွေးနွေးခဲ့သည်။