၂၉.၁.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် အား The Lutheran World Federation(LWF) မှ ဥက္ကဌဖြစ်သူ Dr. Musa Panti Filibus နှင့် အမေရိကန်သံရုံး၊ သံရုံး ဒုတိယအကြီးအကဲ Mr. George Sibley တို့မှအဆိုပါ ဝန်ကြီးရုံး၊ မေခလာ ခန်းမ၌လာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် The Lutheran World Federation(LWF) မှ ဥက္ကဌဖြစ်သူ Dr. Musa Panti Filibus နှင့်တွေ့ဆုံရာတွင် (LWF) အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ LWF အဖွဲ့ကို ဒုတိယကမ္ဘာစစ်အပြီးတွင် လူကြောင့်ဖြစ်သော ဘေးဒုက္ခများလျော့ပါး သက်သာစေရေးရည်ရွယ်၍ ၁၉၄၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီး လိုအပ်ချက်ရှိသူများကို ဘာသာ၊ လူမျိုးမခွဲခြား ဘဲစောင့်ရှောက်သည့်ဖွဲ့ဖြစ်ပါကြောင်း၊ (LWF)အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာပြည်သူများနှင့် တစိတ်တဝမ်းတည်းရှိကြောင်းပြသလိုသဖြင့် ယခုလို လာရောက်တွေ့ဆုံခြင်း ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ်အတွက် အကူအညီများပေးလိုပြီး မြန်မာနိုင်ငံအတွင်း လိုအပ်သောအကူအညီများ ပိုမို မြှင့်တင်ပေးလိုပါကြောင်း ပြောကြားပါသည်။ ဒုတိယဝန်ကြီးမှ ဝန်ကြီးဌာနတွင် ဦးစီးဌာန (၂) ခုဖွဲ့စည်းထားရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မွေးကင်းစကလေးမှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုရေးရာလုပ်ငန်း များဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွက် UEHRD အား တည်ထောင်၍ မိတ်ဆွေနိုင်ငံများ၊ မိတ်ဆွေအဖွဲ့အစည်များ၏အကူအညီဖြင့် လူသားချင်းစာနာမှုအကူအညီများ၊ ပြန်လည်ထူထောင်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဥက္ကဌအဖြစ်တာဝန်ယူပြီး ပြည်ထောင်စုဝန်ကြီးမှ ဒုတိယဥက္ကဌ အဖြစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကူညီ ထောက်ပံ့လိုပါက UEHRD မှတဆင့် ဆောင်ရွက်နိုင်ပါ ကြောင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အမေရိကန်သံရုံး၊ သံရုံး ဒုတိယအကြီးအကဲ Mr. George Sibley နှင့် တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံအနေဖြင့် သြဂုတ်လအတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအား အမြဲတစေ ကန့်ကွက်ရှုတ်ချပါကြောင်း၊ ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အား ထောက်ခံပါကြောင်း၊ အမေရိကန်အနေဖြင့်ကူညီရန်အသင့်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများ လုံခြုံမှုရှိစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် ဖြစ်နိုင်ချေရှိသော သဘာ၀ ဘေးအန္တရာယ်ဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်းဒါဏ်ခံနိုင်ရေးတွက် ကြိုတင်ပြင်ဆင်ရေးနှင့်အသင့်ဖြစ်နိုင်ရေး အရေးကြီးပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးမှ ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးလုပ်ငန်း များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ (၄) ခုတည်ထောင်၍ ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင် အထည်ဖေါ်ရေး ကော်မတီ၏လုပ်ငန်းများ၊UEHRD တည်ထောင်၍ မိတ်ဖက်နိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများ၏အကူအညီ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ဆွေးနွေးပြီး၊ အမေရိကန်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် UEHRD တွင် ပူးပေါင်းကူညီနိုင်ပါကြောင်း ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။