ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု ပူးပေါင်းဆောင်ရွက်မှုသတင်း

၂၈-၁-၂၀၁၈၊ မန္တလေး
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် လူမှုကူညီရေးလုပ်ငန်းများကိုဆောင်ရွက်လျက် ရှိသည့် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ လုပ်ငန်း တစ်ခုဖြစ်သော အထူးစောင့်ရှောက်မှုလိုအပ်သော ကလေးငယ်များအတွက် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းကအသင်း၏ပညာဒါနကျောင်းဆောင်တွင်ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ အထွေထွေဖွံ့ဖြိုးမှုနောက်ကျ သော အထူးစောင့်ရှောက်မှုလိုအပ်သည့် ကလေး ငယ်များအတွက် နေ့ပိုင်းစောင့်ရှောက်ရေး လုပ်ငန်းအကောင်အထည်ဖော်မှုသည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြန်လည်ထူထောင်ရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ကလေးသူငယ်တိုင်း အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်နှင့်အစောင့်အရှောက်ခံပိုင်ခွင့်ရှိခြင်းသည် အရေးကြီးသော အခြေခံအခွင့်အရေးများဖြစ်သဖြင့် အကောင်အထည်ဖော်ရေးလုပ်ငန်းများ ကို အစိုးရနှင့်အတူ ပြည်သူများကပါ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြပါကြောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းပြီးပါကြောင်း၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာဥပဒေကိုပြင်ဆင်ခြင်းနှင့်နည်းဥပဒေတို့ကိုပြဌာန်းပြီးပါက လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် လျန်မြန်စွာတိုးတက်မှုများ တွေ့မြင်လာရမည်ဖြစ်ပါကြောင်း၊ စိတ်စေတနာကောင်းကို အခြေခံပြီး ရည်ရွယ်ချက်ကောင်းများဖြင့်ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများကို အစိုးရက ပံ့ပိုးကူညီမှုများပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်လျက်ရှိပါကြောင်းနှင့် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၏ အထူးစောင့်ရှောက်မှု လိုအပ်သော ကလေးငယ်များအတွက် နေ့ပိုင်း စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့် New Hope Association အနေဖြင့် တစ်နှစ်တာဆောင်ရွက်ခဲ့မှုများအပေါ် အသိအမှတ်ပြုဂုဏ်ယူပါကြောင်းဖြင့်ပြောကြားခဲ့ပါသည်။
ထို့နောက် တာဝန်ရှိသူများက တစ်နှစ်တာအတွင်းပူးပေါင်းပါဝင်သူများနှင့် အလှူရှင်များကို ဂုဏ်ပြုလက်ဆောင်နှင့် မှတ်တမ်းလွှာ များပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီဥက္ကဌ ဒေါက်တာ ယုယုမေနှင့် အဖွဲ့ဝင်များ၊ ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းမှ နာယကများ၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်များနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့၊ နားမကြားသောကလေးများ ကျောင်းတွင်ပြုလုပ်သည့် ဂျပန်နိုင်ငံ Kyoshin ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ Mr. Sadaaki Tachiki က လှူဒါန်းသည့် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားရာ ယခုကဲ့သို့ မန္တလေး နားမကြားသောကလေးများကျောင်းသို့ အကြိမ်(၂၀)မြောက် စဉ်ဆက်မပြတ်လှူဒါန်းမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ မသန်စွမ်းသူ များအခွင့်အရေးနှင့်ပတ်သက်ပြီး အစိုးရကလည်း အလေးထား ဆောင်ရွက်နေပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေထိုင်နိုင်ဖို့ ဥပဒေ၊ နည်းဥပဒေများရှိနေပြီး ၎င်းတို့နှင့်သက်ဆိုင်သည့် သီးခြားရန်ပုံငွေတစ်ရပ်ထူထောင်နိုင်ရန် ကိုလည်း ပြဌာန်းပေးပြီး ဖြစ်ပါကြောင်း၊ အသက်အရွယ်အလိုက်လေ့ကျင့်သင်ကြားမှုနှင့်ဆက်သွယ် မှုလိုအပ်ချက်များအတွက် လက်သင်္ကေတပြဘာသာစကားနှင့် အခြား သက်မွေးဝမ်းကျောင်းပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိပါကြောင်း၊ ၎င်းတို့၏ အားထုတ်ကြိုးပမ်းမှုများကို လူမှုအသိုက်အဝန်း တစ်ရပ်လုံးကလည်း ပါဝင်ကူညီပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် Kyoshin ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ Mr. Sadaaki Tachiki က လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းတင်ပြပြီး အလှူငွေ အမေရိကန်ဒေါ်လာ (၁၀၀၀၀)ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီဥက္ကဌ ဒေါက်တာဒေါ်ယုယုမေနှင့် အဖွဲ့က အလှူငွေကျပ် (၁၀၅၀၀၀)ကို ပေးအပ် လှူဒါန်းခဲ့ပြီး ကျောင်းဝင်းအတွင်း လေ့ကျင့်သင်ကြားလျက်ရှိသော လက်သင်္ကေတပြဘာသာစကားစာအုပ် ထုတ်လုပ်ရန်ပြင်ဆင်နေမှုနှင့် ကွန်ပျူတာသင်တန်းလေ့ကျင့်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာ တွင် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံညှိနှိုင်းခြင်း၊ အသိပညာပေးခြင်းနှင့်  ထောက်ပံ့ငွေ ပေးအပ်ခြင်းတို့ကို မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:   MSWRR

Sign Up

Upcoming Events