၂၇-၁-၂၀၁၈၊ မကွေး
သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်ရန်အဆင်သင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။
` ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှု အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ရာ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သည့် လူမှုအသိုင်းအဝိုင်းတစ်ရပ်ဖြစ်စေရေးကို မူဝါဒအသစ်များချမှတ် ဆောင်ရွက် လျက်ရှိကြောင်း၊ သဘာဝဘေးတိုင်းသည် ဆုံးရှုံးမှုရှိပြီး ကြီးမားပါက ပြန်လည်ထူထောင်ရေးတွင် နစ်နာမှု အဆမတန်ရှိကြောင်း၊ ထို့ကြောင့် သဘာဝဘေးကိုရင်ဆိုင်နို်င်ရန် အသင့်ဖြစ်မှုအတွက် ဆောင်ရွက်ထားရှိခြင်းသည် အကျိုးအမြတ်သေချာသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုအပိုင်းသည် အရေးကြီးသဖြင့် ပြည်သူတို့၏ဆန္ဒနှင့်လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်မှုလုပ်ငန်းများတွင်လည်း ပြည်သူများပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီး၏ သဘာဝဘေးထိခိုက်ခံရသည့်ဒေသတစ်ခုဖြစ်သည့်အတွက် ရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့် ဖြစ်စေရေးကို ကြိုတင် ပြင်ဆင်ထားရှိရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း လေပြင်းဘေးနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ယမန်နှစ်က မြို့နယ် (၆)မြို့နယ်၊ အိမ်ခြေ(၈၅၀)အတွက် အကူအညီနှင့် ပစ္စည်းကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၆)မြို့နယ်၊ အိမ်ခြေ(၈၀၀)အိမ်အတွက် ထောက်ပံ့ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သဘာဝဘေးကျရောက်လွယ်သည့် ဒေသများတွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် လေဒဏ်မိုးဒဏ်ခံ ဘက်စုံသုံး အဆောက်အဦများကို ဆောက် လုပ်ပေးလျက်ရှိကြောင်း၊ ယခုနှစ်တွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦ (၈၆)လုံး ဆောက်လုပ်ရန် စီစဉ်ထားရှိကြောင်း၊ ကမ်းပါးပြိုဘေးနှင့်ပတ်သက်၍ နိုင်ငံတော် စီမံကိန်းကြီးဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုလိုလာရောက်ခြင်းဖြစ်ရာ တက်ရောက်လာသူများကပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးရန်ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဦးစိုးအောင်က လေပြင်းဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်က ပြည်သူများ၏ ဆန္ဒနှင့်လိုအပ်ချက်များအပေါ် ကော်မတီနှင့်ဝန်ကြီးဌာနက ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်ကျော်မိုးက မူလတန်းကြိုကျောင်း လက်လှမ်းမမီ သောကလေးများအတွက် တိုင်းဒေသကြီးအတွင်း မိခင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်မည့်ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက လိုအပ်ချက်များနှင့် အခက် အခဲများကို ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် အစိုးရ၏ သဘာဝဘေးရန်ပုံငွေနှင့် ပတ်သက်၍ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ရန်ပုံငွေ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေများဖြင့်သာမက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက မိမိတို့ဒေသအသီးသီး၏ သဘာဝဘေးနှင့်ပတ်သက်၍ လိုအပ်မည့် ရန်ပုံငွေများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ထည့်သွင်းတင်ပြရယူထားရန်လိုအပ်ကြောင်း၊ သို့မှသာ ကြိုတင်ပြင်ဆင်မှုအပိုင်းကို ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာကြသူများက တောင်းဆိုသော လတ်တလောလိုအပ်ချက်များကို လက်ရှိ ရန်ပုံငွေဖြင့် အသုံးပြုဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့သည့် ရေစကြိုမြို့နယ်၊ မြေတော်ကျေးရွာ ကမ်းပြိုမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ် (၃၅၉၇.၂)သိန်း၊ မြို့သစ်မြို့နယ်ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ကွန်ကရိ တံတား ဆောက်လုပ်ရန် ငွေကျပ်(၆၀၀)သိန်း၊ မင်းဘူး(စကု)မြို့နယ်၊ မင်းရွာ၊ မန်းချောင်းရေတိုက်စားမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်(၁၁၂၀)သိန်း၊ ပေါက်ကရောတံတားပြုပြင်ရန် ငွေကျပ်(၃၂၄)သိန်း၊ ပေါက်မြို့နယ်၊ ဘဲတောကျေးရွာ၊ ယင်းချောင်း ရေတိုက်စားမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကျပ်(၁၃၁၀)သိန်း၊ ဂန့်ဂေါမြို့နယ်၊ မြို့မ ရပ်ကွက်၊ ကမ်းထိန်းတမံပြုလုပ်ရန် ငွေကျပ်(၈၇၀)သိန်းနှင့် စေတုတ္တရာမြို့နယ်တွင် သဘာဝဘေး စီမံခန့်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် စက်လှေ (၂)စီးနှင့်ဆက်စပ် ပစ္စည်းများကိုလည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရန်ပုံငွေမှ ထောက်ပံ့သည့် နတ်မောက် မြို့နယ်၊ကြာကန်ကျေးရွာ အောင်သာကုန်းတဲတိုက်တွင် စက်ရေတွင်းတူးဖော်ရန် ငွေကျပ် (၁၉၀)သိန်း၊ မကွေးမြို့တွင် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော ပရဟိတအဖွဲ့များအတွက် စက်သုံးဆီဘိုး ငွေကျပ်(၁၀)သိန်းကိုလည်းကောင်း ပြည်ထောင်စု ဝန်ကြီးက တာဝန်ရှိသူများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက ကျေးဇူးတင်စကား ပြန်လည်ပြေကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: MSWRR