၂၆-၁-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ညွှန်ကြားရေးချုပ်ဖြစ်သူသံအမတ်ကြီး H.E. Mr. Manuel Sager နှင့် UN Women(Myanmar) မှ Ms. Jean D’ Cunha တို့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် သီးခြားစီလာ ရောက်တွေ့ဆုံပါသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ညွှန်ကြားရေးချုပ် ဖြစ်သူ သံအမတ်ကြီး H.E. Mr. Manuel Sager က ဆွစ်ဇာလန်နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီအနေဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖေါ်ဆောင်ရွက်နေသော စီမံကိန်းများအား လာရောက် လေ့လာခြင်းဖြစ်ပါကြောင်း၊ အေဂျင်စီအနေဖြင့်အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းသင်တန်း၊ စိုက်ပျိုး ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ လူမှုရေးရာဝန်ဆောင်မှုများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် ပြည်သူများအား ကာကွယ်ရေး စသည့်ကဏ္ဍ(၄)ခုအား အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွက် နိုင်ငံတော်အစိုးရကြိုးပမ်း ဆောင်ရွက်မှုများအား တွေ့မြင်သိရှိပါကြောင်းနှင့် လိုအပ်သည့်နေရာများတွင် ထောက်ပံ့မှုများပေးနိုင်ရန် မေးမြန်းဆွေးနွေးပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ယခုလိုအေဂျင်စီ၏လုပ်ငန်းများအားရှင်းလင်းတင်ပြခြင်းအတွက် ကျေးဇူး တင်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးနှင့်လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်များထဲမှ တစ်ခု ဖြစ်၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းများအား ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD တည်ထောင်၍နေရပ်စွန့်ခွာသူများအတွက် လူသားချင်းစာနာကူညီမှုများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လူသားချင်းစာနာကူညီမှုများအတွက် ကြက်ခြေနီလှုပ်ရှားမှု(Red Cross Movement)၊ စေတနာ့ ဝန်ထမ်းလူငယ်များနှင့်မိတ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများမှ ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်နေရာချထားရေးအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ မြို့ရွာများဖော်ဆောင်လျက်ရှိပါကြောင်း၊ ဖွံဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များဦးဆောင်သော လုပ်ငန်းအဖွဲ့ (၉)ဖွဲ့အား ဖွဲ့စည်းထားပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပါဝင်ကူညီနိုင်ရန် မိတ်ဆွေနိုင်ငံများအား ဖိတ်ခေါ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြောက်ဦးမြို့တွင် လေဆိပ်အသစ် တည်ဆောက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး၊ လွတ်လပ်စွာ လုပ်ကိုင်သွားလာခွင့်နှင့် ယာယီခိုလှုံရေး စခန်းများပိတ်သိမ်းရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြုချက်များဖြစ်သည့် ရပ်ရွာလူထုများနှင့် ဆွေးနွေး ခြင်းမှာလက်ရှိ ဆောင်ရွက်နေသော ကိစ္စဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများပါဝင်ကူညီနိုင်ရေးတွင် UNHCRနှင့်ဝန်ကြီးဌာန ပူးပေါင်း ဆောင်ရွက်မှုများရှိပါကြောင်းပြောကြားပြီး UEHRD မှတဆင့် ကူညီထောက်ပံ့နိုင်ပါကြောင်း အကြံပြုဆွေးနွေး ခဲ့ပါသည်။
ဆက်လက်၍ UN Women(Myanmar) မှ Ms. Jean D’ Cunha နှင့်တွေ့ဆုံရာတွင် ဂျပန်အစိုးရ၏ ကူညီထောက်ပံ့မှုဖြင့် UN Women နှင့်UNDPတို့ပူးပေါင်းဆောင်ရွက်မည့် ရခိုင်ပြည်နယ်အတွင်း အားလုံး အကြုံးဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ စွမ်းပကားမြှင့်တင်ရေးဆိုင်ရာစီမံကိန်းနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမေးမြန်းခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် နိုင်ငံတော်အနေဖြင့် အမျိုးသမီးစွမ်းပကား မြှင့်တင် ရေးလုပ်ငန်းအပေါ်အလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများ အပေါ်အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ အမျိုးသမီးများ စွမ်းဆောင် ရည်မြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့ရန် ကိစ္စရပ်များကို ဆွေးနွေးပြီး UN Women နှင့် ပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းများနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။