ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အပိုင်းက အဆင်သင့်ပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တွေ့ဆုံမေးမြန်းထားမှုသတင်း

1

=================================================
နေပြည်တော် ဇန်နဝါရီ ၂၄——————-ရခိုင်ပြည်နယ် မောင်တောဒေသမှ နေရပ်စွန့်ခွာတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ တောင်ပြိုလက်ဝဲ စိစစ်ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရစိစစ်ပြန်လည်လက်ခံရေးစခန်းနှင့် ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့တွင် အဆင်သင့်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် ဝန်ထမ်းများအသင့်ရောက်ရှိနေမှုအခြေအနေများကို ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏အကြံပေးအဖွဲ့မှအဖွဲ့ဝင်များ၊ အတွင်းရေးမှူးရုံးဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များ ပါဝင်သောအဖွဲ့သည် ဇန်နဝါရီ ၂၄ ရက်တွင် သွားရောက်ကြည့်ရှုလေ့လာကြသည်။

ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အပိုင်းက အဆင်သင့်ပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တွေ့ဆုံမေးမြန်းထားသည် –

မေး။ အခုဆိုရင် ရခိုင်ပြည်နယ်အတွက် ရွှေ့ပြောင်းသူတွေကို ပြန်လည်လက်ခံဖို့ စီစဉ်ဆောင်ရွက်နေတာတွေရှိပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။

ဖြေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့အတွက် အစီအစဉ်ကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက်ဖို့အတွက် နှစ်နိုင်ငံသဘောတူညီချက် လိုအပ်ပါတယ်။ အဲဒီနှစ်နိုင်ငံ သဘောတူညီချက်ကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ပြီးသားဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနှစ်နိုင်ငံ သဘောတူညီချက်ဖြစ်ပါတယ်။ တိမ်းရှောင်သွားတဲ့သူတွေ ပြန်လည်လက်ခံဖို့ပါ။ အဲဒါကိုလည်း သဘောတူဆောင်ရွက်ပြီးပါပြီ။ သဘောတူစာချုပ်လည်း လုပ်ပြီးပါပြီ၊ အဲဒီအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း နှစ်နိုင်ငံ Joint Working Group တွေ၊ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်မယ့်အဖွဲ့တွေ အစည်းအဝေးလုပ်ပြီးပါပြီ၊ အစည်းအဝေးလုပ်ပြီးတော့ သဘောတူညီချက်လည်း ရခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ရတဲ့ ဇန်နဝါရီ ၁၆ ရက်မှာပဲ ကျွန်တော်တို့က ဒီဘက်ကနေ ပြန်လည်လက်ခံနိုင်တယ်ဆိုတဲ့ စာရင်းတစ်ခုကို ပေးလိုက်ပါတယ်။ အဲဒီမှာ မူဆလင် ရ၅၀ နဲ့ ဟိန္ဒူဘာသာ ကိုးကွယ်တဲ့သူတွေ ၅၀၈ ဦး ပါဝင်ပါတယ်။ ဒါကို စာရင်းလည်း ပေးလိုက်တယ်။
ပြန်လည်လက်ခံတဲ့နေရာမှာ နှစ်နိုင်ငံ သဘောတူညီချက်အရဆိုရင် စာချုပ်ချုပ်ပြီးတော့ နှစ်လအတွင်းမှာ စတင်နိုင်ပါတယ်။ စတင်လို့ရပြီ ဆိုတဲ့အတွက်ကြောင့် အဲဒီရက်က ဇန်နဝါရီ ၂၃ ရက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်အရ အဆင်သင့်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြင်ဆင်ခဲ့ပါတယ်။ အဆင်သင့်ဖြစ်ပါတယ်။ အဆင်သင့်ဖြစ်တော့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကျွန်တော်တို့ လက်ခံဖို့ အဆင်သင့်ဖြစ်တယ်။ ဒါပေမယ့် နှစ်နိုင်ငံ သဘောတူညီချက်ထဲမှာပဲ ပြန်လည်လက်ခံဖို့အတွက် လူတွေကို ပို့တဲ့အခါမှာ ကျွန်တော်တို့မှာ အစီအစဉ် နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ တကယ်ပုံမှန်လုပ်မယ့် အဓိကလုပ်တဲ့ကိစ္စက တစ်ဖက်နိုင်ငံကို ရောက်သွားတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေပြီးတော့ ပြန်ချင်သောသူများကို စိစစ်တယ်။ စိစစ်တယ်ဆိုတာ ပြန်ချင်တဲ့သူများကို စာရင်းကောက်ရမယ်။ စာရင်း ကောက်တဲ့အခါမှာ ပုံစံဖြည့်ရမယ်။ အဲဒီအတွက် ပုံစံတွေ မြန်မာနိုင်ငံဘက်က ပေးပို့ပြီးသားဖြစ်ပါတယ်။ အဲဒီပုံစံကို ဖြည့်ပြီးရင် အဲဒီကနေ မြန်မာနိုင်ငံဘက်ကို ပုံစံတွေ ပို့ရပါမယ်။ ပို့ပြီးတဲ့ပုံစံတွေကို မြန်မာနိုင်ငံဘက်ကနေပြီးတော့ စိစစ်ရပါမယ်။ စိစစ်တယ်ဆိုတာ သူတို့သည် မြန်မာနိုင်ငံမှာ နေသွားတဲ့သူတွေ ဟုတ်၊ မဟုတ်၊ အကြမ်းဖက်သမားများ ပါ မပါ စသည်ဖြင့် စိစစ်စရာတွေ ရှိပါတယ်။ အဲဒီစိစစ်စရာတွေအကုန်လုံးကို ဒီက စိစစ်ပါတယ်။ စိစစ်ပြီးတဲ့ စာရင်းကို တစ်ဖက်နိုင်ငံကို ပြန်ပို့ပါမယ်။ ပြန်ပို့တဲ့အခါကျတော့ ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ ဒီစာရင်းကို ရပြီဆိုတဲ့အခါ စိစစ်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဘက်ကို ပြန်စေလွှတ်လို့ရပြီ ဆိုပြီးတော့ သူတို့ အသုတ်လိုက် အသုတ်လိုက် လွှတ်မယ်ပေါ့။
လွှတ်တဲ့အခါကျတော့ အခု လတ်တလော သဘောတူညီချက်ထဲမှာလည်း ပါပါတယ်။ ကျွန်တော်တို့ လက်ခံနိုင်တဲ့ အခြေအနေက လက်ခံရေးစခန်း နှစ်ခုရှိပါတယ်။ တောင်ပြိုလက်ဝဲ ကုန်းလမ်းနဲ့ ငါးခူရ ရေလမ်းပါ။ အဲဒီ နှစ်နေရာမှာ လက်ခံစခန်းမှာ တစ်နေရာကို ၁၅၀ စီနဲ့ တစ်နေ့ကို ၃၀၀ လက်ခံလို့ရပါတယ်။ တစ်ပတ်ကို ငါးရက် လက်ခံပါမယ်။ ၁၅၀၀ ပါ။ အဲဒီတော့ ဒါ လက်ခံလို့ ရတယ်ဆိုတော့ ကျွန်တော်တို့ စာရင်းပို့ထားတဲ့ ရ၅၀ နဲ့ ၅၀၈ ယောက်ပါ။ ဒီပို့ထားတဲ့သူတွေက တကယ်လို့ ဟိုဘက်ကနေပြီးတော့ ဒီစာရင်းကို ပြန်ချင်တဲ့သူတွေ စာရင်းဖြည့်မယ်၊ ဒီထဲကနေပြီးတော့ ပြန်ဖို့ ဒါက ကျွန်တော်တို့ဘက်က စိစစ်ပြီးသား၊ ပြန်လက်ခံလို့ရတဲ့စာရင်းဆိုတော့ လွယ်သွားပြီ။ အဲဒီတော့ ပြန်ချင်တဲ့သူတွေကို စာရင်းဖြည့်၊ ဖြည့်ပြီးရင် ဒီဘက်ကို ပြန်ပို့လိုက်ရင် ပထမအသုတ်အနေနဲ့ စလို့ရပါပြီ။ ဒါပေမယ့် ဇန်နဝါရီ ၂၃ ရက်မှာ ကျွန်တော်တို့ အဆင်သင့်ဖြစ်တယ်။ ဒါပေမယ့် ရောက်တော့ မရောက်လာဘူး။ ပြန်လာမယ့် လူလည်း ရောက်မလာဘူး။ စာရင်းလည်း ရောက်မလာဘူး။ ဖြစ်နိုင်တာတွေရှိပါတယ်။ ဒါက ဒီကိစ္စနဲ့ပတ်သက်လို့ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရပါတယ်။ ပြန်ချင်တဲ့သူတွေကို ပုံစံတွေ ဖြည့်စွက်ရတာရှိပါတယ်။
နောက်ပြီးတော့ ဒါက မိမိရဲ့ သဘောဆန္ဒနဲ့ ပြန်လာတာဖြစ်ပါတယ်။ အဲဒီတော့ သဘောဆန္ဒ ကိုက်ညီသလား။ အဲဒီအပေါ်မှာလည်း မူတည်ပါတယ်။ သူတို့တွေ အကုန်လုံး ဖြည့်စွက်ရပါမယ်။ လုပ်ငန်းတွေက အဆင့်ဆင့်ရှိပါတယ်။ ပြန်ပို့ဖို့၊ အဲဒီအဆင့်ဆင့်တွေ ကြန့်ကြာနေလို့လားတော့ မသိပါဘူး။ ဒီနေ့မှာတော့ မရောက်လာသေးပါဘူး။ စာရင်းလည်း မရောက်သေးပါဘူး။ လူလည်း မရောက်လာပါဘူး။
ကျွန်တော်တို့အနေနဲ့ကတော့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါကလည်း ဘာကြောင့် အဆင်သင့် ဖြစ်အောင် လုပ်ရလည်းဆိုတော့ သဘောတူစာချုပ်ထဲမှာ ဒီရက်ကနေ စနိုင်တယ်ဆိုတဲ့အတွက်ကြောင့် ဒီရက်ကိုပို့ရင် ကျွန်တော်တို့က လက်မခံလို့ မဖြစ်ဘူး။ ဒီရက်က တာဝန်ရှိတယ်။ ကျွန်တော်တို့နိုင်ငံက လက်ခံရမယ့်သူဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တရားဝင်နေထိုင်သွားတဲ့သူတွေ တစ်ဖက်နိုင်ငံကို ရောက်သွားတယ်၊ ပြန်လက်ခံဖို့ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ အစိုးရရဲ့ တာဝန်အရ ကိုယ့်ဟာကိုယ် လုပ်လို့မရပါဘူး။ သဘောတူညီချက်နဲ့ နှစ်နိုင်ငံဆိုတော့ စာချုပ်နဲ့ လုပ်ရပါတယ်။ အဲဒီစာချုပ်အတိုင်း လုပ်ပါတယ်။ အခု ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါတယ်။ ဒါပေမယ့် မရောက်လာတာကတော့ ခုနကပြောတဲ့အတိုင်း အကြောင်း အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ မပြောလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်တယ်ဆိုတာတော့ သေချာနေပါပြီ။
အဲဒီအတွက်ကိုလည်း ကျွန်တော်တို့အနေနဲ့ ဒီနေ့လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၊ အဲဒီကော်မတီမှာ ကျွန်တော်က ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ကော်မတီကို အကြံပြုမယ့် နိုင်ငံတကာပညာရှင် ငါးဦး ပါပါတယ်၊ မြန်မာနိုင်ငံက ပညာရှင် ငါးဦးနဲ့ စုစုပေါင်း ၁၀ ဦးပါတဲ့ အကြံပေးအဖွဲ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို အကြံပြုမယ့်၊ အကြံပေးမယ့်အဖွဲ့ ရောက်လာပါတယ်။ ရောက်တဲ့အခါကျတော့ သူတို့လည်း တိုက်ဆိုင်တာကတော့ ကျွန်တော်တို့ စတင်လက်ခံလို့ရတဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့နဲ့ သွားတိုက်ဆိုင်တာပါ။ တိုက်ဆိုင်တဲ့အခါကျတော့ ဒီကိုလည်း သွားကြမယ်ဆိုပြီးတော့ ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်မှာ အဲဒီကို ရောက်ပါတယ်။ ရောက်တဲ့အခါကျတော့ သူတို့လည်း မျက်ဝါး ထင်ထင် မြင်ရပါတယ်။ ကျွန်တော်တို့ လက်ခံရေး စခန်းတွေမှာ တကယ် အဆင်သင့်ဖြစ်နေပါပြီ။ နောက်တစ်ခါ ခဏထားမယ့် ကြားစခန်းပါ။ ဆိုလိုတာကတော့ ကြားစခန်းဆိုတာ အကြာကြီးထားမှာ မဟုတ်ပါဘူး။ ခဏထားမယ်။ ခဏက ဘယ်လောက်အထိ ကြာမှာလဲလို့ မေးရင်တော့ မူဆလင်များအတွက် အိမ်ပြန်ဆောက်ရမယ်။ မီးလောင် သွားတာများပါတယ်။
အိမ်ပြန်ဆောက်ဖို့အတွက် အိမ်မပြီးခင် ကာလအထိ သူတို့ အဲဒီမှာနေရပါမယ်။ ကြားစခန်းမှာ အိမ်ပြီးတာနဲ့ အိမ်ပြန်ရောက်သွားမယ်။ ဒါက ကြားစခန်းမှာ ဘယ်လောက်ကြာမလဲလို့ မေးရင် ကျွန်တော်တို့ အဖြေကတော့ ဒါပဲ။ အိမ်ပြီးတာနဲ့ အိမ်ကိုသွားမယ်။ အိမ်မပြီးခင် ကာလလေးပဲ ဆောက်နေစဉ်ကာလ အဲဒီမှာ နေရမယ်။ ကြာမယ်တော့ မထင်ဘူး။ လအနည်းငယ်ပါပဲ။ ဘာလို့လဲ ဆိုတော့ မိုးမကျခင်မှာ ပြီးအောင်လုပ်ချင်တဲ့ သဘောရှိပါတယ်။ ဆောက်တာတွေပြီးအောင် လုပ်ချင်တဲ့ သဘောရှိတော့ ပထမလာတဲ့ အသုတ်တွေကတော့ မြန်မြန်ဆန်ဆန်ပဲ ပြီးသွားမှာဖြစ်ပါတယ်။ အဲဒီလိုနည်းတဲ့ ကျွန်တော်တို့ လက်ခံမယ်။ တစ်နေ့ကို ၃၀၀ လက်ခံနိုင်တယ်။ တစ်ပတ်ကို ၁၅၀၀ လောက် လက်ခံနိုင်တယ်။ ဒီအတိုင်း ကျွန်တော်တို့ကတော့ အပြည့်အစုံ စီစဉ်ပြီးသား ဖြစ်ပါတယ်။

မေး။ အခု ကယ်ဆယ်ရေးစခန်း၊ ကြားစခန်းမှာ ခုနကပြောတဲ့ အိမ်မဆောက်ခင်အထိ သူတို့နေရမယ်ဆိုတော့ သူတို့အတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ဒီဘက်ကနေပြီးတော့ ဘယ်လောက်အထိ စီစဉ်ပေးထားတယ်ဆိုတာလည်း သိချင်ပါတယ်။
ဖြေ။ ဒါကတော့ ကျွန်တော်တို့ Physical Arrangement လို့ခေါ်ပါတယ်။ ဒီကို ပြန်ဝင်လာတဲ့ ကိစ္စတွေမှာ ဝင်လာတဲ့ဆီကစပြီးတော့ တကယ်ဒီမှာ ခဏလက်ခံရေးစခန်းကို ရောက်မယ်။ အဲဒီကနေ ကြားစခန်းကို ရောက်မယ်။ အဆင့်ဆင့်မှာ ကျွန်တော်တို့ ဆောင်ရွက်စရာကိစ္စကို အနုစိတ်ပြီး ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ဝင်လာလာချင်း ဝင်လာတဲ့သူကို စစ်ဆေးတဲ့ ဂိတ်ရှိပါတယ်။ အဲဒီဂိတ်ကနေပြီး စစ်ဆေးမယ်။ စစ်ဆေးပြီးတဲ့အခါကျတော့ စာရင်းမှတ်တမ်း ပြုစုမယ်။ မှတ်တမ်းပြုစုပြီးရင် ဒီစာရင်းနဲ့ ဒီမှာရှိတဲ့ စာရင်းရှိနဲ့ ကိုက်ကြည့်မယ်။ ကိုက်ကြည့်လို့ ဟုတ်ပြီဆိုရင် ကျွန်တောတို့က အချက်အလက်တွေ ကောက်ယူမှာပါ။ လက်ဗွေတို့၊ ဒီ Biometric data တို့ရှိပါတယ်။ ဒါတွေကို လူဝင်မှုကြီးကြပ်ရေးကနေ လုပ်ပါမယ်။ ဒါတွေကို စနစ်တကျ ကောက်ယူမယ်။ ကောက်ယူပြီးလို့ ပြီးသွားတာနဲ့ စာရင်းတွေနဲ့ သေချာနေပြီ၊ တကယ်ကိုက်ကြည့်တော့လည်း ကျွန်တော်တို့ဆီမှာ နေသွားတဲ့လူ သေချာတယ်။ ဒီစာရင်းတွေမှာ အမှန်အကန်ဖြစ်တယ်ဆိုရင် ဒီမှာ သူတို့ အလွန်ဆုံးတစ်ညပဲ နေရမယ်။ လက်ခံရေးစခန်းမှာ တစ်ညပဲနေရမယ်။ နေပြီးတာနဲ့ နောက်တစ်နေ့မှာ ကြားစခန်းကို ပို့ဖို့အတွက် ပို့မယ့်ကားတွေလည်း အကုန်လုံး စီစဉ်ပြီးသားဖြစ်ပါတယ်။ လှဖိုးခေါင်ကြားစခန်းကို ရောက်မယ်။ ရောက်တဲ့အခါ အဲဒီမှာ စားဝတ်နေရေးလည်း ရှိတယ်။ ကျန်းမာရေးအတွက်လည်း အဆင်သင့်ရှိပါတယ်။ အခု ဒီတာဝန်အသီးသီးကို ထမ်းဆောင်မယ့်သူတွေ၊ ဝန်ထမ်းတွေအကုန်လုံး သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကနေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒီနေ့သွားတော့လည်း တွေ့ခဲ့တယ်။ အတူတကွ ဓာတ်ပုံတွေရိုက်ခဲ့တာလည်း ရှိပါတယ်။ ဝန်ထမ်းတွေ အကုန်လုံးလည်း အပြည့်အစုံ ရောက်ရှိနေပြီဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝန်ထမ်းတွေလည်း ရောက်ရှိနေပြီ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ရောက်ရှိနေပြီ။ လူဝင်မှုကြီးကြပ်ရေးက ဝန်ထမ်းတွေလည်း ရောက်နေပြီ။ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းတွေလည်း ရောက်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကိစ္စတွေမှာ အကယ်၍များ စိစစ်လိုက်လို့ မဟုတ်မမှန်တာ တွေ့တယ်ဆိုရင် နှစ်နိုင်ငံ ပြန်လည်ဆက်သွယ်ပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စတွေ ရှိတယ်။ ဒါကြောင့်မို့ နိုင်ငံခြားရေးဝန်ကြီးဌာနလည်း အဲဒီမှာရှိနေတယ်။ ကျန်တဲ့လုံခြုံရေးနဲ့ ပတ်သက်လို့လည်း ကျကျနန အသီးသီး ဆောင်ရွက်နေတာ ရှိပါတယ်။ ဝန်ထမ်းအသီးသီးလည်း အဆင်သင့် ဖြစ်နေပါပြီ။

မေး။ အခု နှစ်နိုင်ငံ သဘောတူညီချက်အရ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သူတို့က စတင်ပြီးတော့ လွှဲပြောင်းမှုတွေ လက်ခံမယ်ဆိုတာ တွေ့ရပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သူတို့ဘက်က လွှဲပြောင်းတာတွေ မလုပ်နိုင်သေးဘူး။ အဲ့ဒါနဲ့ပတ်သက်လို့ အစိုးရအချင်းချင်း ဘယ်လိုဆက်ပြီးတော့ ဆောင်ရွက်သွားမလဲ၊ ဘယ်လိုချိတ်ဆက်ပြီး ဆောင်ရွက်သွားမယ်ဆိုတာလည်း ပြောပြပေးပါဦး။
ဖြေ။ ကျွန်တော်တို့နိုင်ငံရဲ့ ထမ်းဆောင်ရမယ့် တာဝန်ကတော့ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး လက်ခံရမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ၂၃ ရက်နေ့မှာ လက်ခံဖို့ အဆင်သင့် ဖြစ်ပါပြီ။ ဒါပေမယ့် ဒီလူတွေစာရင်း၊ ပြန်လာမယ့်သူစာရင်း ခုနက ပြောသလို နှစ်ဖက်ရှိပါတယ်။ တစ်ဖက်ကနေပြီးတော့ စာရင်းပို့တယ်။ ကျွန်တော်တို့က စိစစ်ပြီး ပြန်ပို့တယ်။ ဟုတ်ပြီဆိုရင် ဟိုကနေပြီးတော့ လူလွှတ်လိုက်တယ်။ အဲဒီလို လုပ်သလို ကျွန်တော်တို့ဘက်ကနေပြီးတော့ မြန်အောင်ဆိုပြီး စိစစ်ပြီးတော့ ဒီစာရင်းတွေတော့ လက်ခံနိုင်ပါတယ်ဆိုပြီး ပို့လိုက်တယ်။ သူတို့က တစ်ခါ အဲဒီလူတွေကို စာရင်းပြန်ဖြည့်ပြီးတော့၊ ပုံစံပြန်ဖြည့်ပြီးတော့ ပြန်ပို့တဲ့ စနစ်လည်းရှိပါတယ်။ ဒါတွေကတော့ အချိန်အနည်းငယ်ယူရတာတွေ ရှိတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မလာနိုင်ဘူးဆိုတာ ကျွန်တော်ထင်တာတော့ အဲဒီလိုလုပ်ရမယ့် လုပ်ငန်းအဆင့်ဆင့်တွေကြောင့် တစ်ဖက်မှာ ကြန့်ကြာမှုတွေ ရှိသလားပေါ့။ ဘာကြောင့်လဲဆိုတော့ ပထမဦးဆုံးအသုတ်အတွက် ကျွန်တော်တို့ နှစ်နိုင်ငံ Working Group တွေ၊ သဘောတူညီချက်ရပြီးတဲ့ နောက်ပိုင်း ဒီစာရင်းကို ပေးလိုက်တာက ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီတော့ သူတို့လုပ်ငန်းအဆင့်ဆင့်က နှစ်ပတ်လောက် အချိန်ယူမယ်ဆိုရင်တော့ ဇန်နဝါရီလ ၂၃ ရက်နေ့ကို မပို့နိုင်သေးတဲ့ အခြေအနေလည်း ရှိနိုင်ပါတယ်။ မပို့နိုင်တာ ဒါကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒါကတော့ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး လက်ခံရေးစခန်းတွေလည်း ဖွင့်ထားပြီ၊ လူတွေလည်း အဆင်သင့်ဖြစ်နေပြီ၊ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေက အားလုံး အဆင်သင့် ဖြစ်နေတဲ့အတွက်ကြောင့် လာမယ့်ရက်ကိုပဲ စောင့်ဖို့လိုပါတယ်။ ဟိုနိုင်ငံနဲ့ ဘယ်လို ဆက်သွယ်ရမလဲလို့ မေးရင် ကျွန်တော်တို့ကတော့ ထောက်လှမ်းမှာပါ။ လာမယ့်စာရင်း ရပြီလား၊ လာမယ့်စာရင်း ဘယ်တော့ပို့မလဲဆိုတာ နည်းနည်း ဆက်သွယ်ပြီးတော့ မေးမြန်းချက်တွေတော့ လုပ်မှာဖြစ်ပါတယ်။ ဒါ့ပေမယ့် တကယ်တမ်း ဆိုရင် ကျွန်တော်တို့က အဆင်သင့်ဖြစ်နေတဲ့ အတွက်ကြောင့် ပို့တာကို စောင့်ပြီးတော့ လက်ခံဖို့ ရှိပါတယ်။

မေး။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌအနေနဲ့ ဖြည့်စွက်ပြောချင်တာ ရှိရင်လည်း ပြောကြားပေးပါ။
ဖြေ။ ဖြစ်ပွားခဲ့တဲ့ကိစ္စက ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူမှုအသိုင်းအဝိုင်းနှစ်ခု သဟဇာတ မဖြစ်ဘူး၊ ပဋိပက္ခတွေရှိတယ်။ ဒါတွေကလည်း နှစ်ရှည်လများဖြစ်ခဲ့တဲ့ ပြဿနာပေါ့။ ၂၀၁၂ ခုနှစ်မှာ တစ်ခါ အကြီးအကျယ်ဖြစ်တယ်။ အဲဒီ နောက်ပိုင်းမှာလည်း ပဋိပက္ခတွေက ထပ်ခါထပ်ခါ ပိုဖြစ်နေတယ်။ လူမှုအသိုင်းအဝိုင်း နှစ်ခုကလည်း သဟဇာတဖြစ်မှုတွေ ယိုယွင်းလာတယ်။ ဒါတွေကို ပြန်လည်တည်ငြိမ်ဖို့၊ ပြန်လည်အဆင်ပြေဖို့ဆိုတာ ကျွန်တော်တို့ အစိုးရသစ်တက်ကတည်းက ဒါကို ဦးစားပေးဆောင်ရွက် နေပါတယ်။ ဒါကို ဆောင်ရွက်နေတဲ့အခါမှာ အခြေခံအကြောင်းရင်းတွေကို ဖော်ထုတ်ပြီးတော့ လုပ်စရာ ရှိတာတွေ လုပ်ရပါမယ်။ လုပ်တဲ့အခါမှာ မစ္စတာကိုဖီအာနန်ရဲ့ အကြံပြုချက်တွေထဲမှာလည်းပါတယ်။ ဒုတိယသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အကြံပြုချက်တွေလည်း ပါတယ်။ အားလုံးကိုကြည့်ပြီး တကယ့်အရေးတကြီးလုပ်ရမယ့် ကိစ္စတွေကို ကျွန်တော်တို့ ဆောင်ရွက်နေပါပြီ။ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ အဲဒီအကောင်အထည်ဖော်တဲ့အခါမှာ ဦးစားပေး အနေနဲ့ နိုင်ငံသားဖြစ်မှု စိစစ်တာတို့ပါ။ ဒီ process ထဲကိုဝင်မှ ကျွန်တော်တို့က စစ်လို့ရပါမယ်။ စစ်တဲ့အခါမှာ ၁၉၈၂ ဥပဒေနဲ့ ကိုက်ပြီးတော့ တကယ် နိုင်ငံသားဖြစ်သင့်တဲ့သူက ဖြစ်သွားမှာ ဖြစ်ပါတယ်။ မဖြစ်ဘူးဆိုရင်လည်း ပြန်လည် စိစစ်ရမယ်။ ဒီအဆင့်ဆင့်ကိုတော့ သေချာလုပ်ရမယ်။ ဒီလိုလုပ်ရင် နိုင်ငံသားဆိုလည်း နိုင်ငံသား အခွင့်အရေးရမယ်။ ပြုနိုင်ငံသားဆိုလည်း ပြုနိုင်ငံသားရမယ်။ ဘာမှမဟုတ်ရင်လည်း ဒီမှာ နေထိုင်ခွင့် ရှိတဲ့သူပေါ့၊ သူ့အခွင့်အရေးနဲ့သူပဲပေါ့။ အဲဒီလို ကွဲပြားသွားမယ်ဆိုရင် ပိုပြီးတော့ လွတ်လပ်စွာ သွားလာခွင့်တို့၊ ပညာရေးတို့၊ ကျန်းမာရေးတို့ ပိုပြီးတော့ လက်လှမ်းမီသွားမယ်။ ပိုပြီးတော့ လက်လှမ်းမီသွားရင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုပြီးတော့ အဆင်ပြေမယ်။ အဆင်ပြေသွားရင် ပဋိပက္ခတွေ နည်းသွားမယ်။ အကောင်အထည်ဖော်တဲ့အခါမှာ ဦးစားပေးအနေနဲ့ ဒါတွေကို အကောင်အထည် ဖော်နေပါတယ်။ အကြံပေးအဖွဲ့ကလည်း ကျွန်တော်တို့ကို ကောင်းမွန်တဲ့ အကြံဉာဏ်တွေနဲ့ ရေရှည်ပဋိပက္ခ ကင်းဝေးအောင်၊ သဟဇာတဖြစ်အောင်၊ ဒီပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်အောင်၊ အကြံတွေပေးကြမှာ ဖြစ်ပါတယ်လို့ ကျွန်တော် ပြည်သူတွေကို ပြောချင်ပါတယ်။

Sign Up

Upcoming Events