===================================================
သံတွဲ ဇန်နဝါရီ ၂၄
———–
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးရုံးဝန်ထမ်းများ၊ ပြည်တွင်းပြည်ပသတင်းဌာနများမှ သတင်းထောက်များ ပါ၀င်သောအဖွဲ့သည် (၂၄-၁-၂၀၁၈) ရက်နေ့၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့်အဖွဲ့အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းဦးဆောင်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့မှ အဖွဲ့ဝင်များသည် စစ်တွေမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံပြီး ခေတ္တနေရာချထားပေးမည့် မောင်တောမြို့နယ်ရှိ လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိကြရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က စခန်း၏ အကျယ်အဝန်းဧရိယာ၊ အဆောက်အဦနှင့် လမ်းများဆောက်လုပ်သွားမည့် အစီအစဉ်၊ ပြန်လည်လက်ခံမည့်သူများ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီး ရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သောအဖွဲဲ့သည် လှဖိုးခေါင်ကြားစခန်းအတွင်း စိစစ်လက်ခံပြီးသူများ ခေတ္တနေထိုင်နိုင်ရေးအတွက် အဆောက်အဦများ ဆောက်လုပ်ပြီးစီးမှု၊ ဆောက်လုပ်နေမှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးထားမှုနှင့် စားနပ်ရိက္ခာများ သိုလှောင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြပြီး အနီးပတ်ဝန်းကျင် ကျေးရွာများမှ အစ္စလာမ် ဘာသာဝင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ကျေးရွာများတွင် လက်ရှိနေထိုင်မှု၊ လုပ်ကိုင်စားသောက်မှု အခြေအနေနှင့် အခက်အခဲများကို မေးမြန်းကြသည်။
လှဖိုးခေါင်ကြားစခန်းသည် ဧရိယာအကျယ်အဝန်း ၁၂၄ ဒသမ ၈၄ ဧကရှိ၍ အဆောက်အဦပေါင်း ၆၄၀ လုံးပါ၀င်ပြီး လူဦးရေ ၃၀၀၀၀ ကျော်ကို လက်ခံနိုင်မည်ဖြစ်သည်။ ထို့ပြင် စခန်း၌ ပြန်လည်လက်ခံမည့်သူများ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ကြိုတင်စီမံထားရှိပြီး လိုအပ်လာပါက အရေးပေါ်ဖြည့်ဆည်းပေးနိုင်ရန် UEHRD ၏ အစီအစဉ်ဖြင့် ရွက်ဖျင်တဲ ၅၀၀ ကျော်ကိုလည်း အရံအစီအစဉ်အနေဖြင့် ကြိုတင် စီမံထားရှိကြောင်း သိရသည်။
ယင်းနောက် ကညင်ချောင်း စီးပွားရေးဇုန်သို့ရောက်ရှိရာ နယ်စပ်ကုန်သွယ်ရေးနှင့် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သန်းက စီးပွားရေးဇုန် စတင်ဖြစ်ပေါ်လာမှု၊ လက်ရှိကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်နေမှုနှင့် စီးပွားရေးဇုန်၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အကြံပေးအဖွဲ့ဝင်များသည် စီးပွားရေးဇုန်အတွင်းရှိ ဒေသခံများနှင့် တွေ့ဆုံ၍ သိလိုသည်များကို မေးမြန်ကြပြီး ကုန်သွယ်ရေးဇုန် အခြေအနေတို့ကို ကြည့်ရှုလေ့လာကြသည်။
ဆက်လက်၍ ရေကြောင်းမှ ၀င်ရောက်လာသူများအား လက်ခံရေးစခန်းအဖြစ် ဖွင့်လှစ်ထားသည့် ငါးခူရယာယီလက်ခံရေးစခန်းသို့ ရောက်ရှိပြီး ပြန်လည်ဝင်ရောက်လာသူများကိုစိစစ်ရန် လူဝင်မှုကြီးကြပ်ရေးမှ မှတ်တမ်းတင်ဆောင်ရွက်မည့်အခြေအနေ၊ NVC ကတ်ထုတ်ပေးရေး ဆောင်ရွက်မည့် အခြေအနေ၊ ကျန်းမာရေးဌာနမှ ယာယီဆေးခန်းများဖွင့်လှစ်ရေး ဆောင်ရွက်မည့်အခြေအနေ၊ ပြည်တွင်းပြည်ပဆက်ဆံရေးရုံးများ ဖွင့်လှစ်ဆောင်ရွက်မည့်အခြေအနေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရတို့မှ ရုံးခန်းများဖွင့်လှစ်ဆောင်ရွက်သွားမည့် အခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များသည် ငါးခူရစခန်းမှ တောင်ပြိုလက်ဝဲမြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိပြီး ကုန်းလမ်းမှ ၀င်ရောက်လာသူများအား ပြန်လည်လက်ခံရေးစခန်းတစ်ခုဖြစ်သည့် တောင်ပြိုလက်ဝဲ ယာယီ လက်ခံရေးစခန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရတို့မှ ရုံးခန်းများဖွင့်လှစ်ဆောင်ရွက်သွားမည့် အခြေအနေများကို ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့မှတစ်ဆင့် ကျောက်ဖြူမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြပြီး POSCO DAEWOO ၏ ရွှေသဘာဝစီမံကိန်း Onshore Gas Terminal ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက Onshore Gas Terminal ဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းနောက်ခံသမိုင်း၊ သဘာဝဓာတ်ငွေ့ လက်ရှိထုတ်လုပ်မှုနှင့် လူမှုတာဝန်သိ အစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် Onshore Gas Terminal အတွင်းရှိ စီမံကိန်းဆို်င်ရာ ပုံစံငယ်ပြခန်းနှင့် Initial Gas Station တို့ကို ကြည့်ရှုလေ့လာကြသည်။ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ညနေပိုင်းတွင် ကျောက်ဖြူမြို့မှ သံတွဲ မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သောအဖွဲ့တွင် ပြည်တွင်း ပြည်ပ သတင်းဌာနများဖြစ်သော TV Asahi၊ Nikkie ၊ Kyodo၊ Asahi Shimbun၊ Fuji TV၊ NHK၊ Nippon TV၊ Yunan TV၊ Xinhua နှင့် ZYE ZDA TV တို့မှ သတင်းထောက်များ လိုက်ပါ သတင်းရယူခဲ့ကြသည်။