၂၂-၁-၂၀၁၈၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်းရှိ NV Card ကိုင်ဆောင်ထားသူများ ရရှိသင့်သည့် အကျိုးများရရှိနိုင်ရန် အတွက် ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းအစည်းအဝေးကို (၂၂-၁-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် NV Card ကိုင်ဆောင်ထားသူများရရှိနိုင်သည့် အကျိုး(၈)ခု ရှိကြောင်း၊ ထိုအကျိုးများအမှန်တကယ်ရရှိနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်ညီညွတ်စွာ သွားလာခွင့်ပြုရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပဋိပက္ခမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ NV Card ကိုင်ဆောင်ထားပြီး နိုင်ငံသားလျှောက်ထားဆဲ ကျောင်းသူ၊ကျောင်းသားများအနေဖြင့်လည်း အဆင့်မြင့်ပညာများအားသတ်မှတ် ချက်နှင့်ကိုက်ညီသော တက္ကသိုလ်များတွင် တက်ရောက်သင်ကြားနိုင်ရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် လည်း မြို့နယ်ဆေးရုံများ၊ စစ်တွေဆေးရုံကြီးတို့ကိုအချိန်မရွေးတက်ရောက်ကုသနိုင်ရန် စီစဉ် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက်ဖြင့် ခရီးသွားလာရန် ခရီးသွားလာခွင့်ရရှိရေးဆောင်ရွက်မှုများတွင် အဆင့်များလျှော့ချရမည်ဖြစ်ကြောင်း၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနကခရီးသွားလာခွင့်ပုံစံ (၄) ထုတ်ပေးပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များအား အသိပေးပြီးသွားလာခွင့်ပြုသင့်ကြောင်း၊ NV Card ထုတ်ပေးမှုများ၊ နိုင်ငံသားလျှောက်ထားမှုများအား အရှိန်မြှင့်တင်ဆောင်ရွက်ရန်အတွက် စစ်တွေမြို့နယ် သဲချောင်း၊ သက္ကေပြင်နှင့် အောင်မင်္ဂလာရပ်ကွက်များ၊ မြေပုံမြို့နယ်တောင်ပေါ်စခန်းတို့တွင် ကနဦးလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနအားလုံးပူးပေါင်းဆောင်ရွက်ရန် အရေးကြီး ကြောင်းပြောကြားပါသည်။
အစည်းဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတို့မှအမြဲတမ်းအတွင်း ဝန်များနှင့်ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြကြောင်းသတင်းရရှိပါသည်။