=================================================
နေပြည်တော်၊ ဇန်နဝါရီ ၂၃—————–ထိုင်းနိုင်ငံ အငြိမ်းစားဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prof. Dr Surakiart Sathirathai ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့၏ တွေ့ဆုံဆွေးနွေးပွဲကို (၂၃-၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဦးသောင်းထွန်း၊ ဦးဝင်းခိုင်၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဦးကျော်တင်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီ ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် မြန်မာပြည်သူ မြန်မာပြည်သားများသာမက လူ့အဖွဲ့အစည်းအားလုံး အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်း နှစ်ရပ်စလုံးအပေါ်တွင် မူတည်နေပါကြောင်း၊ နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ အကြံပေးအဖွဲ့၏ အကြံဉာဏ်များနှင့် အထောက်အကူပြုမှုများကို ကြိုဆိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့ခေါင်းဆောင် ထိုင်းနိုင်ငံအငြိမ်းစား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး က မိမိတို့ အကြံပေးအဖွဲ့တွင် နိုင်ငံရေးနယ်ပယ်နှင့် စီးပွားရေးနယ်ပယ်တို့မှ ပုဂ္ဂိုလ်များလည်း ပါဝင်ပါကြောင်း၊ အကြံပေးအဖွဲ့၏ အကြံဉာဏ်များနှင့် အတွေ့အကြုံများကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီသို့ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်းသည့် အတွေ့အကြုံများကို ဖလှယ်ခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ အကြံပေးအဖွဲ့နှင့် လက်တွဲပူးပေါင်းဆောင်ရွက်သည့်အတွက် များစွာ ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ညှိနှိုင်းရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့သည် အကြံပြုချက်များအလိုက် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
ညပိုင်းတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့အား နေပြည်တော်ရှိ M Gallery Hotel ၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။