UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UNHCR နှင့် UNFPA တို့မှ သီးခြားစီလာရောက်တွေ့ဆုံ

၁၈-၁-၂၀၁၈၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vinecentiis နှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ (UNFPA) မှ ကုသမဂ္ဂယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms. Janet E.  Jackson တို့က ယနေ့နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် သီးခြားစီလာရောက်တွေ့ဆုံပါသည်။

ရှေးဦးစွာUNHCR ကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vinecentiis နှင့်တွေ့ဆုံရာတွင် UNHCR မှ တာဝန်ရှိသူများ လွန်ခဲ့သော ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်လေ့လာခွင့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများအတွက် ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် ပါဝင်ကူညီလိုပါကြောင်း၊ မိမိဆန္ဒအလျောက် နိုင်ငံတွင်းပြန်လည်ဝင်ရောက်လိုသူများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လိုကြောင်းပြောကြားပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ အကြံပြုချက်များ မေးမြန်းဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေးဌာန (၂) ခုဖွင့်လှစ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယာယီနေထိုင်ရေး အဆောက်အဦများအသင့်ရှိနေပြီဖြစ်ပါကြောင်း၊ ပြန်လည်နေရာ ချထားရေးအတွက် လူနေအိမ်များဆောက်လုပ်နေပြီးနေထိုင်မည့်သူများကိုယ်တိုင် ပါဝင်ဆောက်လုပ်နိုင်ပြီး အခကြေး ငွေရရှိမည်ဖြစ်ကြောင်း၊ သံတမန်များနှင့် သတင်းမီဒီယာတို့ သွားရောက်လေ့လာသတင်းရယူနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ် ကြောင်းပြောကြားပြီးအလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရေးနှင့်ပတ်သက်၍ လမ်းညွှန်အကြံပြုချက် များဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက် UNFPA မှ ကုသမဂ္ဂယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms. Janet E.  Jackson နှင့်တွေ့ဆုံရာတွင် UNFPA မှ ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များနှင့်ကြိုးပမ်းဆောင်ရွက်နေမှုများအားသိရှိနားလည်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအစီအစဉ်အားသိရှိလိုပါကြောင်း၊ ဝန်ကြီးဌာနနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပြီး ရခိုင်ပြည်နယ်အတွက်ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးမှတဆင့် ဖွံ့ဖြိုးတိုးတက်ရေး သို့ ဦးတည်သည့် လုပ်ငန်းများဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပရေးနှင့်ပတ်သက်၍ အကြံပြုချက်များမေးမြန်း ဆွေးနွေး ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကကုလသမဂ္ဂအဖွဲ့များနှင့် သက်ဆိုင်ရာလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဇန်နဝါရီလ(၂၃) ရက်နေ့မှစ၍ စတင်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများ စတင်မည်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးစခန်း(၂)ခုဖွင့်လှစ်ပြီး ပြန်လည်ဝင်ရောက်သူများ ယာယီနေထိုင်နိုင်ရေး အတွက် အဆောက်အဦများအဆင်သင့်ဖြစ်နေပြီဖြစ်ပါကြောင်း၊ မြို့ရွာများအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီ စနစ်တကျ ဖော်ဆောင်နေပြီဖြစ်ပါကြောင်း၊ အိမ်ရာများဆောက်လုပ်ရာတွင် နေထိုင်မည့်သူများကိုယ်တိုင် ပါဝင် ဆောက်လုပ်၍ အခကြေးငွေရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းကဏ္ဍအတွက် အထောက် အကူရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်(National Verification Card) ထုတ်ပေးရေး အစီအစဉ် အားအရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်အတွင်း တည်ဆောက်ခဲ့သော ယာယီကယ်ဆယ်ရေး စခန်းများပိတ်သိမ်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းရှင်းလင်းပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ဘက်ပေါင်းစုံမှ အားလုံးပူးပေါင်းပါဝင်နိုင်ရေးနှင့် အကျိုးထိရောက်မှုရှိစေရေး လမ်းညွှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events