UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နော်ဝေနိုင်ငံအမတ်ကြီးနှင့် UNDP တို့က သီးခြားစီလာရောက်တွေ့ဆုံ မှုသတင်း

18_Pic01

=================================================
၁၇-၁-၂၀၁၈၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နော်ဝေနိုင်ငံသံအမတ်ကြီး H.E Ms. Tone Tinnes နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) မှ Country Director ဖြစ်သူ Mr. Peter Batchelor တို့က (၁၇-၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။

နော်ဝေနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး၏တာဝန်များနှင့် ကြိုးပမ်းအားထုတ်မှုများကို သိရှိပါကြောင်း၊ နော်ဝေနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နော်ဝေနိုင်ငံမှ အဓိကထားအကူအညီပေးနေသော နိုင်ငံ(၅)နိုင်ငံတွင် မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်ပါကြောင်း၊ လိုအပ်သောကူညီထောက်ပံ့မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်မည့် နေရပ်စွန့်ခွာသူများ လက်ခံရေးအစီအစဉ်၊ ၄င်းတို့အတွက် လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်းပြင်ဆင်နေပြီး အစီအစဉ်ချောမွေ့စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်မည့်သူများအား စနစ်တကျစိစစ်လက်ခံသွားမည်ဖြစ်ပါကြောင်း၊ ၄င်းတို့အတွက် လူသားချင်းစာနာမှုအကူအညီများ၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး စီစဉ်ထားရှိပါကြောင်း၊ ဒေသတွင်း မှီတင်းနေထိုင်ကြသူများ လုံခြံုဘေးကင်းရေးအစီအစဉ်များ အလေးထားဆောင်ရွက်နေပါကြောင်း၊ လွတ်လပ်လုံခြံုစွာသွားလာလုပ်ကိုင်ခွင့်အတွက် နိုင်ငံသားစိစစ်ရေး (National Verfication Card) ကတ်များ စိစစ်ထုတ်ပေးနေပါကြောင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကျေးရွာစီမံကိန်းများ အကွက်ချတည်ဆောက်နေပါကြောင်း၊ ပိုမိုထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အဆင့်မီသော ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ လိုအပ်ပါကြောင်း၊ UEHRD ၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်စေလိုပါကြောင်း၊ လူနေအိမ်များ ပြန်လည်ဆောက်လုပ်ရာတွင် အဆိုပါနေအိမ်တွင် နေမည့်သူများကိုယ်တိုင် ပါဝင်ဆောက်လုပ်နိုင်ပြီး အခကြေးငွေများ ရရှိနိုင်ရေး (Cash For Work) အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၂ခုနှစ်အတွင်း ဆောက်လုပ်ခဲ့သော နေရပ်စွန့်ခွာသူများနေထိုင်ရာ ကယ်ဆယ်ရေးစခန်းများအနက် (၃) ခုအား ပိတ်သိမ်းနိုင်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းများ ဆက်လက်ပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအား တစ်ဆင့်ခြင်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ နော်ဝေနိုင်ငံအနေဖြင့် လိုအပ်သော နေရာ ကဏ္ဍများ၌ ဆက်လက်ပူးပေါင်းကူညီနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် UNDP မှ Deputy Country Director ဖြစ်သူ Ms. Dawn Del Rio နှင့် တွေ့ဆုံရာတွင် UNDP အနေဖြင့် ရခိုင်ပြည်နယ်တွင် ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းများအား ၂၀၁၁ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ ဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များပြုစုနိုင်ခဲ့ပါကြောင်း၊ ယင်းအချက်အလက်များကိုအခြေခံ၍ ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့နယ်တွင်လည်း ရေဘေးအန္တရာယ်ကျရောက်နိုင်မှု ဆန်းစစ်ချက် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR)အကောင်အထည်ဖော်ရေးအတွက် အလှူရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီလကုန်တွင် ကျင်းပမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းစီမံချက် (MAPDRR) အကောင်အထည်ဖော်မှုတွင် ဝန်ကြီးဌာနအချင်းချင်း ဆက်သွယ် ဆောင်ရွက်နိုင်ရန် ကော်မတီတစ်ရပ် ထူထောင်ရန်လိုအပ်ပါကြောင်း၊ ဥရောပသမဂ္ဂ၏ ပံ့ပိုးမှုဖြင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး နိုင်ငံတော်အဆင့်စီမံကိန်းအတွက် ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဖြစ်ပါကြောင်းနှင့် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် UNDP က ဆောင်ရွက်မည့် ရခိုင်ပြည်နယ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအား ဒုတိယသမ္မတ ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံကိန်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် ထိထိရောက်ရောက်ဆောင်ရွက်စေလိုပါကြောင်း၊ ဒေသခံပြည်သူများဆီသို့ အကျိုးသက်ရောက်မှုရှိစေလိုပါကြောင်း၊ ဒေသဆိုင်ရာနှင့် ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့များနှင့်လည်း နီးကပ်စွာပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများ စတင်ရန် အသင့်ရှိနေပြီ ဖြစ်ပါကြောင်း ပြောကြားပြီး အဆိုပြုလာသောစီမံချက်အပေါ် အကြံပြုဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ပြည်ထောင်စုစီမံကိန်း၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ ဗလငါးတန် ဖွံ့ဖြိုး တိုးတက်ရေးအသင်းနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းငွေကျပ် (၄၅၅၈၆၀၀) နှင့်လူသုံးကုန်ပစ္စည်းများကို လာရောက်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events