ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးနှင့် UEHRD လုပ်ငန်းတိုးတက်မှုအခြေအနေများကို ဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယူးဇီလန်နှင့် နယ်သာလန်နိုင်ငံသံအမတ်ကြီးများက သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

17_Pic01

=================================================
၁၆-၁-၂၀၁၈၊ နေပြည်တော်
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Steve marshall နှင့် နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Wouter Jurgens တို့က (၁၆-၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံပါသည်။

နယူးဇီလန်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများ၏အရေးပါမှုကို သတိပြုမိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုအား ကူညီပံ့ပိုးပေးလိုပါကြောင်း ပြောကြားပြီး ရခိုင်ပြည်နယ် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ရခိုင်ပြည်နယ်ကိစ္စအပေါ် အမြင်လွဲမှားနေမှုများ၊ ရခိုင်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦများ ဆောက်လုပ်နိုင်ရေးကိစ္စရပ်များ၊ နယူးဇီလန်နိုင်ငံ၏ အတွေ့အကြုံများနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ဆောင်ရွက်နေသည့် လယ်သမားများအား ဆောင်းသီးနှံစိုက်ပျိုးရန် အကူအညီပေးရေး၊ UEHRDနှင့် ပူးပေါင်းဆောင်ရွက်မည့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ထွန်းရေး ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်၍ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗဟိုကော်မတီတည်ထောင်ထားရှိဆောင်ရွက်နေမှု၊ လုပ်ငန်းကော်မတီ (၄) ခု ဖွဲ့စည်းထားရှိပြီး ဝန်ကြီးဌာနအနေဖြင့် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအား ဦးဆောင်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မတီ၏ အကြံပြုချက်များအား အကောင်အထည်ဖော်နေမှုများ၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် ပြည်သူများ၏အင်အား၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများ၏ အကူအညီများ ရယူဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာမှုအကူအညီများအတွက် ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြန်လည်နေရာချထားရေး လုပ်ငန်းများအတွက် မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ (၂) နိုင်ငံ သဘောတူညီချက်များ ချမှတ်ပြီး နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လိုသူများအား စနစ်တကျစိစစ်လက်ခံရေး ဆောင်ရွက်နေမှုများ၊ ကုန်းလမ်းခရီးမှ ဝင်ရောက်မည့်သူများအတွက် တောင်ပြိုလက်ဝဲလက်ခံရေးစခန်းနှင့် ရေလမ်းကြောင်းမှ ဝင်ရောက်မည့်သူများအတွက် ငါးခူရလက်ခံရေးစခန်းတို့တွင် ပြန်လည်လက်ခံပြီး လှဖိုးခေါင်စခန်းမှတဆင့် ပြန်လည်နေရာချထားရေးဆောင်ရွက်မည့်ကိစ္စများ၊ လူနေအိမ်များ ဆောက်လုပ်ခြင်းလုပ်ငန်းတွင် နေရပ်စွန့်ခွာသူများကိုယ်တိုင်ပါဝင်ဆောင်ရွက် နိုင်ပြီး အခကြေးငွေရရှိခံစားနိုင်မည့် အစီအစဉ်များ၊ ကျေးရွာပုံစံများအား နိုင်ငံတကာစံနှုန်းနှင့်အညီ ပုံစံချတည်ထောင်မည့်လုပ်ငန်းများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (၉) ဖွဲ့အား UEHRD တွင် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းများစတင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး နယူးဇီလန်နိုင်ငံမှ ကမ်းလှမ်းလာသည့် စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် နယ်သာလန်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် သံအမတ်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးနှင့် UEHRD စီမံကိန်းအရ လက်ရှိဆောင်ရွက်နေမှုများ သိလိုပါကြောင်းနှင့် မိတ်ဆွေနိုင်ငံအနေဖြင့် UEHRDမှတစ်ဆင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် ရေနှင့်ဆက်စပ်သည့် စီမံခန့်ခွဲမှုလုပ်ငန်းများကို မည်သို့ပါဝင်ကူညီနိုင်မည်ကို သိရှိလိုပါကြောင်း ဆွေးနွေးပါသည်။

ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်အနေဖြင့် ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုရရှိစေရေး ဦးစားပေးဆောင်ရွက်နေမှု၊ လူမှုပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ နှောင့်နှေးနေရမှု၊ သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်း UEHRD ဖွဲ့စည်းဆောင်ရွက်မှုများ၊ UEHRD စီမံကိန်းအရ အထူးလုပ်ငန်းအဖွဲ့ (၉) ဖွဲ့ ဖွဲ့စည်းမှု၊ ငါးခူရနှင့်တောင်ပြိုလက်ဝဲတွင် ပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကျေးရွာတွင် ၁၂၄ ဧက ကျယ်ဝန်းပြီး လူဦးရေ (၃၀၀၀၀) နေထိုင်နိုင်မည့် ကြားစခန်း တည်ဆောက်မှု၊ ကျေးရွာများစနစ်တကျ နေရာချထားနိုင်ရန် နိုင်ငံတကာစံနှုန်း၊ နည်းပညာ အကူအညီများ ရယူဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events