=================================================
၁၄-၁-၂၀၁၈၊ စစ်တွေ
=================================================
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအနေဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကော်မတီဝင်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုလုပ်ငန်းစဉ်တွင် National Verification Card (NVC) ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပြည်သူများသိရှိရန် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစ္စလာမ်ဘာသာဝင် ရေလုပ်သားများအနေဖြင့် (NV)ကတ် ကိုင်ဆောင်ထားပြီး ပင်လယ်ပြင်တွင် ရေလုပ်ငန်း လုပ်ဆောင်ပါက စိစစ်မှုခံယူရာတွင် ခိုင်လုံသောအထောက်အထား ပြသနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်ရေလုပ်သားများ (NV)ကတ် ကိုင်ဆောင်နိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၄-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့စုပေါင်းရုံးတွင် အစ္စလာမ်ဘာသာဝင်ရေလုပ်သားများကို (NV)ကတ် ပြုလုပ်ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှု၍ ဌာဆိုင်ရာဝန်ထမ်းများကို လုပ်ငန်း ဆောင်ရွက်နေမှုအပေါ် အားပေးစကား ပြောကြားပါသည်။
၄င်းတို့အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေး လုပ်ငန်းစဉ်တွင်ပါဝင်သော (NV)ကတ်များအား လာရောက်ပြုလုပ်ကိုင်ဆောင်ပါက တရားဝင်ပင်လယ်ပြင် ထွက်ခွင့်ရရှိမည်ဖြစ်ကာ လတ်တလောပဋိပက္ခများကြောင့် ကြုံတွေ့နေရသောစားဝတ်နေရေး အခက်အခဲများ ပြေလည်နိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။