ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိဘဲ ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်ဖြစ်သော ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း

1

2

=================================================

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးစသည့် သဘာဝဘေးမျိုးစုံဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုဘေးအန္တရာယ်များအနက်မှ ငလျင် ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရဘဲ ကြိုတင်သိရှိရခြင်းလည်းမရှိသဖြင့် အလွန်အန္တရာယ် ကြီးမားသည့်ဘေးအန္တရာယ်တစ်မျိုး ဖြစ်ပါသည်။

၂။ အင်အားပြင်းငလျင်များဖြစ်ပေါ်လာပါကလည်း ပျက်စီးဆုံးရှုံးမှုကြီးမားတတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ(Aftershocks)လှုပ်ခြင်း၊ ရေကာတာကြီးများကျိုးပျက်၍ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ဆူနာမီရေလှိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ ရုတ်တရက်လျှပ်စစ်ကြိုးများပူးသွားခြင်းကြောင့် လျှပ်စစ်မီးပွားမှတဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓါတ်ငွေ့ပိုက်များပျက်စီးရာမှတဆင့် မီးလောင် ကျွမ်းခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။

၃။ ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်လတ်နှင့် ငလျင်ငယ်များသည် နာရီပိုင်း၊ ရက်ပိုင်း၊ သီတင်းပတ် ပိုင်းမှသည် လပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်ပြီး ကွဲအက်ချိနဲ့သွားသော တိုက်တာအဆောက်အဦများ၊ လမ်း၊ တံတားများသည် နောက်ဆက်တွဲမြေငလျင်များကြောင့် ထပ်မံပျက်စီး၊ ပြိုကျတတ်ပါသည်။ အဆောက်အဦများတွင် အုတ်ကျိုးအုတ်ပဲ့များ ပြိုကျမှု၊ လျှပ်စစ်ဓါတ်ကြိုးများပြုတ်ကျမှုနှင့် အခြားဘေး အန္တရာယ်များရှိနိုင်ကြောင်းကိုလည်း သတိရှိရမည်ဖြစ်ပါသည်။

၄။ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များ အကြိမ်(၇၀)ခန့် လှုပ်ခတ်ခဲ့ပြီး နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ယခု ဇန်နဝါရီလတို့တွင် မကြာခဏ လှုပ်ခတ်လျက်ရှိသဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လိုအပ် ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

– မိမိအိမ်တွင် ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သောပစ္စည်းများ၊ တွဲလောင်းကျနေသောအရာများကို အန္တရာယ်မဖြစ်စေရန် မြဲမြံအောင်ပြုလုပ်ထားပါ။

– မိသားစုသုံးအရေးပေါ်ပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားပါ။

– မိမိအိမ်၏ခိုင်ခံ့မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင်ပြုလုပ်ထားပါ။

– ငလျင်လှုပ်ပါက (၅)စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ရောက်နိုင်ပါက ပြေးထွက်ပါ။ မပြေးထွက်နိုင်ပါက ခိုင်ခံ့သည့် စားပွဲ၊ ကုတင်အောက်တွင်လည်းကောင်း၊ အခန်း၏ထောင့်နေရာ များတွင်လည်းကောင်း အကာအကွယ်ယူ၍နေပါ။

– မြင့်မားသောအဆောက်အအုံ၊ လျှပ်စစ်မီးကြိုး၊ ဓာတ်တိုင်များ၊ သစ်ပင်များ၊ ပြိုကျနိုင်သော အရာများနှင်‌့ ဝေးရာသို့ပြေးပါ။ ကွင်းပြင်များတွင် ခေတ္တခိုလှုံပါ။

– မီးအသုံးပြုနေစဥ် ငလျင်လှုပ်ပါက မီးတောက်ငြှိမ်းပါ။ မီးခလုတ်များပိတ်ပါ။

– ဆိုင်ကယ်၊ ကားစသည်တို့မောင်းနှင်နေချိန်ဖြစ်ပါက အရှိန်လျှော့ပြီး ဘေးကင်းရာနေရာတွင် ရပ်ထားပါ။

– ငလျင်လှုပ်နေချိန်တွင် အဆောက်အအုံထဲသို့ ပြေးမဝင်ပါနှင့်၊ ဓါတ်လှေကားများ အသုံးမပြုပါနှင့်၊ အထပ်မြင့်တိုက်များမှ ခုန်ချခြင်းမပြုပါနှင့်။

– ငလျင်လှုပ်ပြီးနောက် အဆောက်အအုံ၏ခိုင်ခံ့မှုကို စစ်ဆေးခြင်းမပြုဘဲမဝင်ပါနှင့်၊ မြစ်ကမ်းပါး၊ တောင်စောင်းများသို့ မသွားပါနှင်‌့၊ မြေပြိုနိုင်ပါသည်။ ဆည်၊ ရေလှောင်ကန်များအနီးတွင် မနေ ပါနှင်‌့။ ဆည်ကျိုးပေါက်ပြီးရေကြီးနိုင်သည်။ တာဝါတိုင်များ၊မျှော်စင်များ၊ အထပ်မြင့်အဆောက် အအုံများပြိုကျနိုင်သဖြင့် အနီးသို့မသွားပါနှင့်။

– အသိပညာပေးဆွေးနွေးဟောပြောပွဲများသို့ တက်ရောက်ပါ။ သတင်းထုတ်ပြန်ချက်များ၊ ပညာပေးအစီအစဥ်များကို စဥ်ဆက်မပြတ်နားထောင်ပါ။ ကြည့်ရှုပါ။ မျှဝေပါ။

၅။ ပြည်သူလူထုအနေဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန်နှင့် တာဝန်ရှိ အဖွဲ့အစည်းများ၊ ပညာရှင်များ၏ အသိပညာပေးဆောင်ရွက်မှုများအပေါ် လေ့လာမှတ်သား၍ အကြံပြုချက်များကိုလည်း လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

Sign Up

Upcoming Events