=================================================
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine- UEHRD)၏ စေတနာ့၀န်ထမ်း လူငယ်အစီအစဥ်(စတုတ္ထအဖွဲ့)တွင် ပါ၀င်ကြမည့် စေတနာ့၀န်ထမ်းလူငယ်များအတွက် လုပ်ငန်းခွင်အကြိုသင်တန်းအား (၁၄-၁-၂၀၁၈)နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သံလွင်လမ်းရှိ လူမှု၀န်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လူငယ်ထုပါ၀င်သည့် စေတနာ့၀န်ထမ်းလူငယ်အစီအစဥ်၏ ပထမအကြိမ်သင်တန်းကို (၅-၁၁-၂၀၁၇)နေ့မှ (၂၄-၁၁-၂၀၁၇)နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်သင်တန်းကို(၂၄-၁၁-၂၀၁၇) နေ့မှ (၁၃-၁၂-၂၀၁၇)နေ့အထိလည်းကောင်း၊ တတိယအကြိမ်သင်တန်းကို (၁၆-၁၂-၂၀၁၇)နေ့မှ (၄-၁-၂၀၁၈)နေ့အထိလည်းကောင်း အောင်မြင်စွာဆောင်ရွက််ခဲ့ပါသည်။
ယနေ့ စေတနာ့၀န်ထမ်းလူငယ်အစီအစဥ်၏ လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများနှင့် စေတနာ့၀န်ထမ်းလူငယ်သင်တန်းသား (၄၀) ဦး တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် လူမှု၀န်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကားပြောကြားရာတွင် UEHRD ပြည်ထောင်စုစီမံကိန်းတွင် အဓိကလုပ်ငန်းစဥ်(၃)ရပ်ရှိပါကြောင်း၊ ပထမအချက်သည် လူသားချင်းစာနာမှုအကူအညီများ ထိထိရောက်ရောက်ပေးအပ်ရေး၊ ဒုတိယအချက်သည် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး၊ တတိယအချက်မှာ တည်တံ့ခိုင်မြဲသည့် ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းေ၀းရေးတို့အား ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ယခုသင်တန်းနှင့် ကွင်းဆင်းခရီးစဥ်မှစ၍ အတွေ့အကြုံကောင်း၊ အလေ့အကျင့်ကောင်းများကို ရယူသွားပြီး မိမိတို့ ဘ၀တိုးတက်ရေးအတွက် အသုံးပြုသွားနိုင်ပါကြောင်း၊ နိုင်ငံတော်၏အကျိုး ပြည်သူတွေအကျိုးအတွက် တစ်ဘက်တစ်လမ်းမှကူညီဆောင်ရွက်ပေးကြသော လူငယ်မောင်မယ်များအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသွားပါသည်။
ထို့နောက်သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသော စေတနာ့၀န်ထမ်းလူငယ်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းအား ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းခွင်အကြိုသင်တန်းအား (၁၄-၁-၂၀၁၈)နေ့မှ (၁၆-၁-၂၀၁၈)နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ သင်တန်းကာလအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အြေခခံဥပဒေသများနှင့် လက်တွေ့ဆောင်ရွက်မှုနယ်ပယ်တွင် ကြိုတင်ပြင်ဆင်ထားသင့်သည့် ကိစ္စရပ်များ၊ လူမှုသဟဇာတဖြစ်မှု၊ ပဋိပက္ခများ၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ရင်ကြားစေ့ရေး၊ စာရင်းဇယားကောက်ယူခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်း၊ လုပ်ငန်းဆောင်ရွက်စဥ် အန္တရာယ်ကင်းရှင်းစေရေးနှင့် လုံခြုံရေးနှင့် ပဋိပက္ခဖြစ်ပွားနေရာများသို့ အထောက်အပံ့ပေးရာတွင် မိမိဆောင်ရွက်ချက်ကြောင့် ပဋိပက္ခပိုမိုမဆိုးသွားစေရေးစသည့် ဘာသာရပ်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။ သင်တန်းပြီးဆုံးချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့များ၌ အခြေပြုပြီး လူသားချင်းစာနာထောက်ပံ့မှု အကူအညီများပေးအပ်နိုင်ရေးအတွက် စာရင်းကောက်ယူခြင်းနှင့် ဆန်၊ ဆီ၊ဆား၊ ပဲ၊ ကြက်သွန်နီ၊ အာလူး၊ ငါးသေတ္တာစသည့် စားနပ်ရိက္ခာများအား အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။