ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအတွက် လက်ခံရေးစခန်းများနှင့် ကြားစခန်း တည်ဆောက်မှု အချိန်မီအသင့်ဖြစ်မည်

15_Pic01

=================================================
၁၄-၁-၂၀၁၈၊ စစ်တွေ
=================================================

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသော UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ (၁၄-၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် စစ်တွေမြို့၌ ပြုလုပ်နေသော ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှ မွေးဖွားသော ကလေးအသက် (၂)နှစ်အထိ ငွေကြေးထောက်ပံ့ပေးသောအစီအစဉ် ပြည်သူလူထုသို့ အသိပေးခြင်းနှင့် လုပ်ငန်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့မှ မောင်တောမြို့သို့ ထွက်ခွာလာပြီး မောင်တောမြို့နယ်၊ ကျီးကန်းပြင်တောင်ရွာအနီးတွင် ယာယီနေထိုင်လျက်ရှိသော အစ္စလာမ်ဘာသာကိုးကွယ်သူများအား တွေ့ဆုံ၍ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေအိမ်များမီးလောင်သွားသော်လည်း တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မသွားဘဲ ဆက်လက် နေထိုင်နေကြသဖြင့် နေအိမ်များ ပြန်လည်တည်ဆောက်ပေးရန် လာရောက်ညှိနှိုင်းခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ပြန်လည်နေရာချထားပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့လက်ရှိ လုပ်ကိုင်နေသော လယ်ယာ အသက်မွေးဝမ်းကြောင်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် အနီးဆုံးနေရာတွင် နေအိမ်များ စနစ်တကျကျေးရွာပုံစံအတိုင်း အမြန်အကောင်အထည်ဖော် ပြန်လည်တည်ဆောက်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။ ထို့နောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက ပြန်လည်တည်ဆောက်ပေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်လက်ခံရေးစခန်းများမှ စနစ်တကျ စိစစ်လက်ခံပြီးသူများအား ယာယီထားရှိမည့်ကြားစခန်းဖြစ်သော လှဖိုးခေါင်စခန်း ပြင်ဆင်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုပါသည်။ လှဖိုးခေါင်စခန်းသည် (၁၂၄)ဧက ကျယ်ဝန်းပြီး အဆောက်အဦ (၆၂၅)လုံး ဆောက်လုပ်မည်ဖြစ်ပြီး လူဦးရေ (၃၀၀၀၀)ခန့်ထိ ယာယီ နေထိုင်နိုင်မည်ဖြစ်ပါသည်။ (၂၅-၁-၂၀၁၈)ရက်နေ့တွင် အဆောက်အဦ (၄၀)လုံးနှင့် (၃၁-၁-၂၀၁၈) ရက်နေ့တွင် အဆောက်အဦ(၁၀၀)လုံးပြီးစီးမည်ဖြစ်ပါသည်။ အဆောက်အဦ တစ်ခုတွင် လူဦးရေ (၈၀) ဦး နေထိုင်နိုင်မည်ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှဖိုးခေါင်စခန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် လိုအပ်ပါက နေထိုင်နိုင်ရန်အတွက် အသင့်ဆောက်လုပ်ထားသော ဘယ်ဂျီယံနိုင်ငံထုတ် အဆင့်မီယာယီမိုးကာတဲများ ဆောက်လုပ်ပြီးစီးမှုကိုလည်း ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးခူရလက်ခံရေး စခန်းသို့ရောက်ရှိပြီး တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ စနစ်တကျ စိစစ်လက်ခံရန်အတွက် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုပါသည်။ စခန်းတွင် လာရောက် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများ အဆင်ပြစွာနေထိုင်နိုင်ရန်နှင့်လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော အဆောက်အဦများပြင်ဆင်တည်ဆောက် နေမှုများတွင် အချိန်မီပြီးစီးနိုင်ရေး သက်ဆိုင်ရာ ဆောက်လုပ်ရေးနှင့်အုပ်ချုပ်ရေး အဖွဲ့များနှင့် ဆွေးနွေးခဲ့ပြီး လက်ခံရေးစခန်း(၂)ခုနှင့် ကြားစခန်း (၁)ခုတို့အတွက် လိုအပ်သော မီးစက်များ၊ မီးလိုင်းများ ချထားတပ်ဆင်ပေးရေး ပြည်နယ်လျှပ်စစ်မှူးနှင့်ညှိနှိုင်းပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာမည့် ဟိန္ဒူဘာသာဝင်များအား နေရာချထားမည့် အိုးထိန်းကျေးရွာသို့ရောက်ရှိ ပြီး ကျေးရွာတည်ဆောက်ရန််အတွက် မြေညှိနေမှုများ၊ နေအိမ်များဆောက်လုပ်နေမှုများကို ကြည့်ရှုပြီး ပြန်လည်ဝင်ရောက်လာသူများကို အချိန်မရွေး လက်ခံနိုင်ရန် UEHRD ယာယီမိုးကာတဲများ ဆောက်လုပ်ထားရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ယနေ့ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ လိုက်ပါခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူစာချုပ်အရ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွား သူများအား စနစ်တကျစိစစ်လက်ခံမည့်လုပ်ငန်းများကို (၂၃-၁-၂၀၁၈) ရက်နေ့တွင် လုပ်ငန်းများ စတင်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်ရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events