၁၃-၁-၂၀၁၈၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိနေသော UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နေ့လည်ပိုင်းတွင် စစ်တွေမြို့ရှိဆရာတော်သံဃာတော်များ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ အစိုးရအဖွဲ့သစ်လက်ထက် တိုင်းရင်းသား ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်နေမှုများ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ခုနှစ်တို့အတွင်း ရခိုင် ပြည်နယ်အတွင်းအကြမ်းဖက်သမားများက တိုက်ခိုက်မှုဖြစ်စဉ်များ၏ နောက်ဆက်တွဲအဖြစ် တဖက်နိုင်ငံသို့ ထွက်ပြေးတိန်းရှောင် သွားသူများနှင့်ပတ်သက်၍ နိုင်ငံတကာ၏အမြင်နှင့် ဖိအားများ၊ အစိုးရ၏တာဝန်တရပ်အဖြစ် ၎င်းတို့အားစနစ်တကျ စိစစ်ပြန်လည် လက်ခံရန် ဆောင်ရွက်နေမှုများ၊ ပြန်လည်လက်ခံရေးစခန်း၊ ကြားစခန်းများဖွင့်လှစ်ရန် ကြိုတင် ဆောင်ရွက်နေမှုများနှင့် UEHRD ၏ အခြားလုပ်ငန်းစဉ်များဖြစ်သော ဒေသဖွံ့ဖြိုး တိုးတက် ရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆရာတော်များမှ ရခိုင်တိုင်းရင်းသားများလက်ရှိကြုံတွေ့နေရသောအခြေအနေများ၊ အတိတ်ကာလဖြတ်သန်းခဲ့ရမှုများ၊ အနာဂတ်မှာတိုင်းရင်းသားများ အေးအေးချမ်းချမ်း နေထိုင်နိုင်ရန် ကူညီဆောင်ရွက်ပေးစေလိုသောအချက်များအားမိန့်ကြားပါသည်။ထို့နောက် တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပါသည်။
ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်း အဝေးခန်းမတွင် စစ်တွေမြို့ မြို့မိမြို့ဖများ၊ စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများမှ ကိုယ်စာ လှယ်များနှင့်တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ အိမ်တွင်းတပိုင် တနိုင်စီးပွားရေးလုပ်ငန်းများအားဝန်ကြီးဌာနမှ ကူညီပေးနိုင်မည့် အခြေ အနေများ၊ အလုပ်အကိုင် အခွင့်အလမ်းများပေါ်ထွက်နိုင်ရေးပုဂ္ဂလိကနှင့် အစိုးရပူးပေါင်းဆောင် ရွက်ရန်အစီအစဉ်များ၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် လူမှုအဖွဲ့အစည်းများ အချိတ် အဆက်မိမိဖြင့် ပူးပေါင်းလုပ်ကိုင်ရန် စီမံဆောင်နေမှုများကိုရှင်းလင်းပြောကြားခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင်လိုက်ပါခဲ့သော ဒုတိယဝန်ကြီးဦးစိုးအောင်သည် ရခိုင်ပြည်နယ်၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် တာဝန်ရှိသူများလိုက် ပလျက် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ရေချမ်းပြင်ကူးတို့ဆိပ်သို့ ရောက်ရှိပြီးမိုးကာတဲများ အပါအဝင် ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသည့် ကုန်တင်မော်တော်ယာဉ်များ အငူမော်ဇက်ဆိပ်သို့ ရေလမ်းမှတဆင့် ပို့ဆောင်ရန်အတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေ အားကြည့်ရှုစစ်ဆေးခဲ့ပြီး ၎င်းမော်တော်ယာဉ်များ မောင်တောဒေသသို့ အချိန်တိုအတွင်းအဆင် ပြေချောမွေ့စွာရောက်ရှိနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထိုမိုးကာတဲများမှာ ပြန်လည် စီစစ် လက်ခံရေးစခန်းများနှင့် ကြားစခန်းများတွင် အသုံးပြုရန်ဖြစ်ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော အစ္စလာမ်ဘာသာဝင်များအား (NV) ကတ် ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေ နေအားသွားရောက်ကြည့်ရှု၍ ဌာနဆိုင်ရာဝန်ထမ်းများကိုလုပ်ငန်းဆောင်ရွက်နေမှုအပေါ် အားပေးစကားပြောကြားပြီး ဒုတိယဝန်ကြီးက (NV) ကတ် ကိုင်ဆောင်ရခြင်း၏ အကျိုး ကျေးဇူးများကို ကတ်လာရောက်လုပ်ဆောင်သူများအား ရှင်းလင်းပြောကြားကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး (NV)ကတ်များပေးအပ်ခဲ့ပါကြောင်းနှင့် ယနေ့လာရောက် ပြုလုပ်သူ (၂၄) ဦးရှိပြီး အဆိုပါ ရပ်ကွက်တွင် NV ကတ် ပြုလုပ်ပြီး သူစုစုပေါင်း (၃၁၇) ဦးရှိပြီဖြစ်ကြောင်းသတင်းရရှိပါသည်။