၁၀-၁-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေဟာသို့ ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းမှ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများလှူဒါန်းပွဲအခမ်းအနားကို (၁၀.၁.၂၀၁၈)ရက် နေ့ နံနက် (ဝ၈:ဝဝ) နာရီတွင် စမတောင်ပရဟိတဂေဟာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာမွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေပါရမီပဲနို့အာဟာရဖောင်ဒေးရှင်းမှ အတွင်းရေးမှူးဦးမောင်အေးက ပဲနို့လှူဒါန်းရခြင်းအကြောင်းအရင်းနှင့် ပဲနို့တိုက်ကျွေးရခြင်း၏ အကျိုး ကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်စမတောင်ပရဟိတဂေဟာမှ တာဝန်ရှိသူ/ဂေဟာမှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။
မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ဝင် ပါမောက္ခဒေါက်တာမြသီတာမှ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် အသက်(၆)လအောက် ကလေးသူငယ်များအား စောင့်ရှောက်မှုများကိုပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ဂေဟာဦးဆောင်ဆရာတော်၊ ဂေဟာမှူးနှင့်တာဝန်ရှိသူများအား ဆွေးနွေးခဲ့ပါသည်။ ဗဟို အမျိုးသမီးဆေးရုံကြီးမှ ကလေးအထူးကုပါမောက္ခ(ငြိမ်း) ဒေါက်တာအေးအေးသိန်းမှ မွေးကင်းစကလေးများပြုစုစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ လိုအပ်သည့်အကြံဉာဏ်များပေးရန်လိုက်ပါခဲ့ပြီး အဖွဲ့ဝင်များ အားလုံးမှ ဂေဟာအတွင်းသို့ လိုက်လံကြည့်ရှုခဲ့ပါသည်။
Source: MSWRR