ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက တာဝန်ပြီးဆုံး၍ လာရောက်နှုတ်ဆက်

9_Pic01=================================================

၈-၁-၂၀၁၈၊ နေပြည်တော်—————–

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E Mr. Mohammad Suffiur Rahman က (၈-၁-၂၀၁၈) ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက မိမိအနေဖြင့် ယခုလကုန်ပိုင်းတွင် တာဝန်ပြီးဆုံးပြီဖြစ်၍ လာရောက်နှုတ်ဆက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ် တာဝန် ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ရခိုင်ပြည်နယ်ခရီးစဉ်များတွင် ပြည်သူများနှင့်တွေ့ဆုံပြီး ဘက်ပေါင်းစုံမှ တင်ပြချက်များကို နားထောင်ခြင်းဖြင့် ဒေသခံတို့၏ အခက်အခဲများကို မျက်ဝါးထင်ထင် နားလည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကို သိရှိပါကြောင်း၊ မိမိတို့အနေဖြင့် လည်း ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး အဓိကစိန်ခေါ်မှုအခက်အခဲများကို မျက်မြင်တွေ့ရှိခဲ့ပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါးခြင်း၊ လူ့အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှု နည်းပါးခြင်း၊ ပြန်လည်သင့်မြတ်ရေးလိုအပ်ခြင်းနှင့် လုံခြုံရေး စသည့်အဓိကအခက်အခဲ (၃) ခုအား တွေ့မြင်ခဲ့ပါကြောင်း၊ စီးပွားရေးဖွံ့့ဖြိုးရန်အတွက် ရခိုင်ဒေသအား အထူးအာရုံစိုက်၍ ဆောင်ရွက်သင့်ပါကြောင်း၊ ဒေသထွက်ကုန်များ ကုန်သွယ်ခွင့်ပြုခြင်းဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တို့ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါကြောင်း၊ နယ်စပ်လုံခြံုရေးအတွက် (၂) နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် UEHRD ၏ အပေါင်းလက္ခဏာဆောင်သော ဆောင်ရွက်ချက်များအား တွေ့မြင်ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမည့် ကိစ္စအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စအတွက် သံအမတ်ကြီး၏ ကြိုးပမ်း အားထုတ်မှုများနှင့်ဆွေးနွေး အကြံပြုချက်များအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ UEHRD ၏ ရည်ရွယ်ချက်(၃)ချက် ဖြစ်သည့် လူသားချင်းစာနာကူညီမှုပေးရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ UNHABITAT ၏ မြို့ရွာစီမံကိန်းဆိုင်ရာ နည်းပညာအကူအညီရယူ၍ မြို့ရွာများ စနစ်တကျ တည်ဆောက် မည်ဖြစ်ပါကြောင်း၊ လွတ်လပ်စွာသွားလာခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် နိုင်ငံသားစိစစ်ရေး (NV) ကတ်၏ အကျိုးကျေးဇူးများသိရှိစေရန် ပညာပေး ဆောင်ရွက်လျက် ရှိပါကြောင်းပြောကြားပြီး နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျ လက်ခံနိုင်ရေး အဆင်သင့်ဖြစ်နိုင်ရန် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ ကူညီမှုဖြင့် Modular House များတည်ဆောက်မည့်ကိစ္စများ၊ ၂၀၁၂ခုနှစ်နောက်ပိုင်းပေါ်ပေါက်လာသော နေရပ်စွန့်ခွာသူများနေထိုင်ရာ ကယ်ဆယ်ရေးစခန်းများအနက် ကျောက်ဖြူ၊ ရမ်းဗြဲနှင့် ပေါက်တောကြိမ်နီပြင်စခန်း(၃)ခု ပိတ်သိမ်းပြီးစီးမှု၊ ယခုအခါ စစ်တွေ သက္ကေပြင်နှင့် မြေပုံမြို့ရှိ ကယ်ဆယ်ရေးစခန်းပိတ်သိမ်းနိုင်ရန် စခန်းခေါင်းဆောင်များ၊ စခန်းတွင် နေထိုင်သူများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်း ဆောင်ရွက်မှုများ၊ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူများ လွတ်လပ်စွာသွားလာခွင့် ရရှိရေးအတွက် ဥပဒေဆိုင်ရာ ကန့်သတ်ချက်များ လျှော့ချနိုင်ရေး၊ လူမှုရေးဆိုင်ရာ ကန့်သတ်ချက်များ လျှော့ချနိုင်ရေးတို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပုံများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events