ပြည်သူများအတွက် UEHRD ပြည်ထောင်စုစီမံကိန်း၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေအိမ်များဆောက်လုပ်မှု မပြီးပြတ်သေးချိန်၌ ယာယီနေထိုင်နိုင်ရေးအတွက် လေမိုးဒဏ်ခံ ယာယီအဆောက်အဦများကို အသင့်ပြင်ဆင်ထားရှိရန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကစီစဉ်လျက်ရှိပါသည်။
UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးသို့ သွားရောက်ပြီးကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဝယ်ယူထားရှိသည့် အလျား(၁၉ပေ x ၆လက်မ)၊ အနံ(၁၃ပေ x ၃လက်မ)၊ ခေါင်အမြင့်(၉ပေ x ၇လက်မ)ရှိလူဦးရေ (၁၀)ဦးဆံ့ မိုးကာတဲများကို ကြည့်ရှုပါသည်။ မိုးကာတဲများသည် ဘယ်ဂျီယံနိုင်ငံမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး အရည်အသွေးကောင်းမွန်၍ (၁)လုံးအတွက် သင့်ငွေမှာကျပ်(၉)သိန်းကျော်ခန့် ဖြစ်ပါသည်။ ဝန်ကြီးဌာနအနေဖြင့် မိုးကာတဲစုစုပေါင်း (၁၀၅၂)လုံးကိုဝယ်ယူထားရှိပြီးရခိုင်ပြည်နယ်သို့ ပို့ဆောင်လျက်ရှိပါသည်။
ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်များကို Cash For Work အစီအစဉ်ဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ပြီးတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း ယာယီနေထိုင်နိုင်ရေးအတွက် အဆိုပါမိုးကာတဲများကိုအသုံးပြုနိုင်ရန် အသင့် ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်းသတင်းရရှိပါသည်။