ရခိုင်ပြည်နယ်၊မောင်တောဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက် လာမည့်သူများအတွက် ပြန်လည်လက်ခံေရေးအစီအစဉ်များနှင့်UEHRDစီမံကိန်းတွင် ကုလသမဂ္ဂအဖွဲ့များပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့်UNRC/HC တို့မှ သီးခြားစီလာရောက်တွေ့ဆုံ

6 Pic 01
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး H. E. Mr. Scot Marcielနှင့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC/HC)ဖြစ်သူ Mr. Knut Ostbyတို့ကယနေ့တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။    မြန်မာနိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် သံအမတ်ကြီးကဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကိစ္စရပ်များ၊ မြေပုံမြို့နယ်မှတောင်ပေါ်ကယ်ဆယ်ရေးစခန်းပိတ်သိမ်းရေးကိစ္စများ၊ IDP စခန်းများတွင် နေထိုင်သူများအတွက်လူမှုရေးနှင့်ဥပဒေဆိုင်ရာကန့်သတ်ချက်များလျော့ချနိုင်ရေးကိစ္စများ၊ နိုင်ငံသားစိစစ်ရေးခံယူရန် (NV)ကတ် ထုတ်ပေးရေးလုပ်ငန်းများ၊ လူ့အဖွဲ့အစည်းအတွင်းယုံကြည်မှုတည်ဆောက်နိုင်ရေးကိစ္စများနှင့် နိုင်ငံတော်အစိုးရ၏ကြိုးပမ်းအားထုတ်မှုများအားကျယ်ပြန့်စွာသိရှိနိုင်ရေးအတွက်သတင်းမီဒီယာသမားများအား မောင်တောဒေသသို့ဖိတ်ခေါ်၍မြေပြင်အခြေအနေများသိရှိစေနိုင်ရေးဆောင်ရွက်ရန်ကိစ္စများ၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများတွင် ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် ဆောင်ရွက်ပေးမည့် လူထုဖွံ့ဖြိုးရေးစီမံကိန်းအတွက် အမေရိကန်အစိုးရမှ အမေရိကန်ဒေါ်လာသန်း ၅၀ ကူညီပေးမည့် ကိစ္စရပ်များနှင့်အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေပြဌာန်းနိုင်မည့်အခြေအနေများကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ကိစ္စအတွက် UEHRDထူထောင်၍ အဓိကရည်ရွယ်ချက် (၃)ရပ်အားအကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာကူညီမှုလုပ်ငန်းအတွက် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်များအတိုင်းစတင်အကောင်အထည်ဖေါ်နေသည့်ကိစ္စရပ်များ၊ ဖွံဖြိုးတိုးတက်ရေးအတွက် အထူးလုပ်ငန်းအဖွဲ့(၉)ဖွဲ့ ဖွဲ့စည်း၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ငြိမ်းချမ်းမှုရှိရေးဆောင်ရွက်နေသည့် ကိစ္စများအားရှင်းလင်းပြောကြားပြီး National Verification Card ကိုင်ဆောင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကချင်ပြည်နယ်ရှိနေရပ်စွန့်ခွာ ရွှေ့ပြောင်းသူများအတွက်  ဝန်ကြီးဌာနမှဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊ မြန်မာ-ထိုင်းနယ်စပ်ရှိမြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လိုသူများအတွက် မြန်မာနှင့်ထိုင်းနိုင်ငံတို့၏ သက်ဆိုင်ရာဝန်ကြီးဌာန(၂)ခု ညှိနှိုင်းဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဝန်ကြီးဌာနမှဦးဆောင်၍ ရေးဆွဲထားသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် အမျိုးသမီးများအားအကြမ်းဖက်မှု ကာကွယ်တာဆီးရေးဆိုင်ရာဥပဒေကိစ္စရပ်များ၏ နောက်ဆုံးတိုးတက်မှုအခြေအနေများအားဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး(UNRC/HC)ဖြစ်သူ Mr. Knut Ostbyနှင့်တွေ့ဆုံရာတွင်ဒီဇင်ဘာလ(၇)ရက်နေ့ကUEHRDစီမံကိန်းအားသံတမန်များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းများအားအသိပေးရှင်းလင်းခဲ့ခြင်းကိုကျေးဇူူးတင်ရှိပါကြောင်း၊ အဆိုပါရှင်းလင်းပွဲနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုသိလိုပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် UEHRD စီမံကိန်းအရပူးပေါင်းဆောင်ရွက်ရန် လေ့လာဆန်းစစ်မှု(Assessment)တစ်ရပ်ဆောင်ရွက်လိုပါကြောင်း၊ IDP ကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းရေးနှင့် စပ်လျဉ်း၍ ကူညီဆောင်ရွက်ရန် မိမိတို့ဘက်မှအဆိုပြုလွှာတစ်စောင်ပေးပို့လိုပါကြောင်းဆွေးနွေးပါသည်။
ပြည်ထောင်စုဝန်ကြီးကUEHRDစီမံကိန်းအရရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေရပ်စွန့်ခွာသူများအားလုံးနီးပါးသို့လူသားချင်းစာနာမှုအကူအညီများလွှမ်းခြုံပေးအပ်နိုင်ခဲ့ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသူများအား ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံသဘောတူညီချက်အရ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုဆိုရေးစခန်း(၂)ခုအပြီးသတ်တည်ဆောက်နိုင်ရေးစီစဉ်လျက်ရှိပါကြောင်း၊ ၎င်းကြိုဆိုရေးစခန်းတွင် စိစစ်လက်ခံပြီးသူများကိုလှဖိုးခေါင်ကျေးရွာရှိယာယီစခန်းတွင်ခေတ္တနေထိုင်ရမည်ဖြစ်ပါကြောင်း၊ အိုးအိမ်ရှိသူများအနေဖြင့် ၎င်းတို့အိမ်ရာသို့ ပြန်လည်နေထိုင်နိုင်ပြီး၊ အကြမ်းဖက်ဖြစ်စဉ်အတွင်းအိမ်ရာများမီးလောင်ခံရသူများအနေဖြင့် အိမ်ရာတည်ဆောက်ပြီးပါကရွှေ့ပြောင်းနိုင်ကြောင်း၊ အဆိုပါအိမ်ရာများတည်ဆောက်ရေးတွင် ဆန္ဒရှိပါက Cash for Workအစီအစဉ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါကြောင်း၊ ဖွံ့ဖြိုးရေးအတွက်UEHRDအထူးလုပ်ငန်းအဖွဲ့(၉)ဖွဲ့မှ သက်ဆိုင်ရာဒေသများတွင် စီးပွားရေးရင်းနှီးမြှပ်နှံမှုများဆောင်ရွက်၍ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးစီစဉ်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်သဘောတူညီချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အစိုးရ၏ ဦးဆောင်မှုဖြင့် UNHCRပါဝင်နိုင်မည့်ကဏ္ဍကိုဖေါ်ပြထားပါကြောင်း၊ ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်မည့် စီမံချက်တွင် ကုလသမဂ္ဂအဖွဲ့များပါဝင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့်IDP ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေးတွင် ကုလသမဂ္ဂအဖွဲ့၏ အဆိုပြုလွှာကိုပေးပို့နိုင်ပါကြောင်းဆွေးနွေးခဲ့ပါသည်။

Sign Up

Upcoming Events