၂-၁-၂၀၁၈ ၊စစ်တွေ
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးဆိုင်ရာကော်မတီ၏ ရခိုင် ပြည်နယ်ဆိုင်ရာအကြံပြုချက်များမှ IDP စခန်းကိစ္စရပ်များနှင့် လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအစည်းအဝေးကို (၁.၁.၂၀၁၈) မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဧည့်ဂေဟာအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေးဆိုင်ရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဌရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦညီပုတို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ” ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ် က တည်ရှိခဲ့သော IDP စခန်းများသည် ဘေးဖြစ်စဉ်များကြောင့် ခေတ္တနေထိုင်ရာစခန်းများသာ ဖြစ်သင့်သော်လည်းယခုအခါ (၅) နှစ်ကျော်ကြာတည်ရှိခဲ့ပြီဖြစ်ကြောင်း၊ IDP စခန်းတွင် နေထိုင်ကြရသူများသွားလာခွင့်နှင့် အသက် မွေးဝမ်းကြောင်းဆိုင်ရာကိစ္စရပ်များကိုဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာထောက်ပံ့မှုများကိုရေရှည်မှီခိုခြင်းထက် အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ပညာရေး၊ ကျန်းမာ ရေးလက်လှမ်းမီခြင်းသည် ၎င်းတို့အတွက် ပိုမို၍အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း ပြောကြားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် IDP စခန်းတွင် နေထိုင်သူများ၏ ဥပဒေနှင့်အညီပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် IDP စခန်းတွင်နေထိုင်သူများ ကလက်ရှိစခန်းကိုပိတ်သိမ်းပြီးသင့်တော်သော ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး သဘောတူညီချက်များရယူခဲ့ပြီး အသေးစိတ် အချက်အလက်အားဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်းဆုံးဖြတ်ခဲ့ကြပါသည်။
ထို့နောက် လွတ်လပ်စွာသွားလာခွင့်အတွက် ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် နိုင်ငံသားစိစစ် ခံရမည့်သူ၏သက်သေခံကတ်ပြား (NV Card) ကိုင်ဆောင်ရန်နှင့် (NV Card)ကတ်ပြားကိုင်ဆောင်ခြင်းဖြင့် ရရှိနိုင်မည့်အခွင့်အရေးများကိုရှင်းလင်းပြောကြားခဲ့ပါသည်။ (NV Card)ကိုင်ဆောင်သူသည် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူအဖြစ် သက်သေခံနိုင်ခြင်း၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား စိစစ်မှု ခံယူရန်လျှောက်ထားပိုင်ခွင့်ရှိခြင်း၊မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားဟုတ်မဟုတ် အဆုံးဖြတ် ပေးခံ ယူနိုင်ပြီး ရရှိသော နိုင်ငံသားအဆင့်အတန်းနှင့်အညီသတ်မှတ်ထားသောအခွင့်အရေးများရရှိခြင်း၊ (NV Card)ကိုင်ဆောင်သူမိဘများမှ မွေးဖွားလာသောသားသမီးများသည်လည်း မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထားပိုင်ခွင့်ရှိခြင်း၊ (NV Card)ကိုင်ဆောင်သူသည် မြန်မာနိုင်ငံအတွင်း ရှိမည်သည့်အရပ်ဒေသကိုမဆိုသွားလာလိုပါကသက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန် ထားသောဒေသန္တရအမိန့်နှင့်ညွှန်ကြားချက်များနှင့်ခရီးသွားလာခွင့်ရှိခြင်း၊ ရခိုင်ပြည်နယ်အတွင်း တရားဝင် ဖွင့်လှစ်ထားသောနယ်စပ် ဝင်/ထွက် ဂိတ်မှတဆင့် နိုင်ငံဖြတ်ကျော် လက်မှတ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ဝင်/ထွက် သွားလာခွင့်ရှိခြင်း၊ ရခိုင်ပြည်နယ် အတွင်းရှိမိမိနေထိုင်ရာမြို့နယ်အတွင်း ပြည်နယ် အစိုးရက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လွတ်လပ်စွာခရီးသွားလာခွင့်ရှိခြင်း၊ အပြည်ပြည် ဆိုင်ရာရေပိုင်နက်သို့ ရေလုပ်ငန်းလိုင်စင်ဖြင့် ဥပဒေနှင့်အညီထွက်ခွာခွင့်ရှိခြင်းစသည့် အခွင့်အရေး များရရှိ မည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန် ရှိသူများနှင့် သက္ကေပြင် IDPစခန်းမှ စခန်းစီမံခန့်ခွဲမှုကော်မတီဝင်များက သက္ကေပြင် IDP စခန်းပြန်လည် နေရာချထားရေးနှင့်ပတ်သက်၍ IDP စခန်း၏ လက်ရှိအခြေအနေ၊ ပြန်လည်နေရာချထားရာတွင် ဆောင်ရွက် ရမည့် လိုအပ်ချက်များနှင့် လွတ်လပ်စွာသွားလာခွင့်ကိစ္စရပ်များကိုအပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စစ်တွေမြို့ရှိ IDP စခန်းများမှ တာဝန်ရှိသူများတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။