ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အကြီးစားပြုပြင်မွမ်းမံတည်ဆောက်ပေးသော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

29_Pic01

29_Pic02

=================================================
၂၉-၁၂-၂၀၁၇၊ မန္တလေး
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့သည် (၂၉-၁၂-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန မန္တလေးပြန်လည်ထူထောင်ရေး စခန်း၌ကျင်းပသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အကြီးစားပြုပြင်မွမ်းမံတည်ဆောက်ပေးသော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရသစ်အနေဖြင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေပါကြောင်း၊ မိမိတို့ ၀န်ကြီးဌာနအနေဖြင့်လည်း ပဋိိသန္ဓေတည်သည်မှစ၍ အိုမင်းမစွမ်းအချိန်ထိ လူမှုကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ ပြန်လည်ထူထောင်ရေးလုပ်ငန်များတွင် စွန့်ပစ်ကလေးငယ်များနှင့် ၄င်းတို့၏စောင့်ရှောက်မှုခံယူရန် လိုအပ်သော မိခင်များ၊ ကလေး စစ်သားပပျောက်ရေးနှင့် မိဘရပ်ထံ ပြန်လည်အပ်နှံပေးသော ကလေးများ၊ ကလေးလုပ်သားများ၊ သက်ငယ်မုဒိမ်းမှုများတွင် ကျူးလွန်ခြင်းခံရသော ကလေးများ၊ ပြည့်တန်ဆာများ၊ မူးယစ်ဆေး ဖြတ်ပြီးသောလူငယ်များ စသည်တို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်၍လည်း ဥပဒေ၊ နည်းဥပဒေများ ပေါ်ထွက်ပြီးဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း၊ လူကုန်ကူးခံရသော မိန်းခလေးများနှင့်အမျိုးသမီးများ၊ သဘာဝဘေး၊ လူတို့ပြုလုပ်သောဘေးများကြောင့် ဖြစ်ပေါ်လာသည့် ဘေးဒဏ်ခံပြည်သူများအတွက် ဘေးဒဏ်ခံရပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း မူဝါဒအသစ်များ ချမှတ်ပြီး ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ လူငယ်များအကြားတွင် မူးယစ်ဆေးသုံးစွဲသူများ မူယစ်သားကောင်ဘဝက လွတ်မြောက်အောင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်မြို့၊ဖယ်ခုံမြို့၊ မူဆယ်မြို့များတွင် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်လှစ်ခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်တွင်လည်း ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီိနှင့် ကော့သောင်းမြို့တို့တွင် မူးယစ်ဆေး သုံးစွဲပြီးသူများ ပြန်လည် ထူထောင်ရေးစခန်းများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်မည့် မန္တလေးပြန်လည်ထူထောင်ရေးစခန်းသည် စံပြစခန်းတစ်ခု ဖြစ်လာမည်ဖြစ်ပြီး စိတ််ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ သင်ကြားရာတွင်လည်း ဒေသနှင့်ကိုက်ညီသည့် လုပ်ငန်းများကို သင်ကြားပို့ချမည်ဖြစ်ကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အဓိကဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းမူးယစ် ကြီးကြပ်ရေးမှူး သင်တန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုအခါ အဆောက်အဦ ရှိလာပြီဖြစ်၍ မူးယစ်ပြန်ထူလုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ အကြီးစားပြုပြင်မွမ်းမံ တည်ဆောက်ပေးခြင်းအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ သန့်သော်ကောင်း က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေဖြင့် ၂၀၁၂ခုနှစ်ကစပြီး မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသော လူထုအကျိုးပြု လုပ်ငန်းများကို လိုအပ်ချက်ရှိသော နေရာများတွင် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားပါကြောင်း၊ ရေရှည်စီမံကိန်းအနေဖြင့် ရွေ့လျားစာကြည့်တိုက်လုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုပေးခြင်း သင်တန်းများဖွင့်လှစ်ခြင်း၊ ရေတိုစီမံကိန်းအနေဖြင့် သဘာဝဘေး ဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အစားအသောက်များ ထောက်ပံ့ခြင်း၊ အထောက် အကူူပြုပစ္စည်းများ လှူဒါန်းခြင်း၊ နေအိမ်ပြန်လည်ဆောက်လုပ်ပေးခြင်း၊ ကျေးရွာများမီးလင်းရေး အတွက် မီးအားမြှင့်စက် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြောကြားပြီး ယနေ့လွွှဲပြောင်းပေးသော မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး အဆောက်အဦနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပေးအပ်ရာ တာဝန်ရှိသူက လက်ခံရယူခဲ့ပါသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးဒေါက်တာဇော်မြင့်မောင်ကလည်း ပူးပေါင်းကူညီဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အတူအကွ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ရေးရာကော်မတီမှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်သင်တန်းကျောင်း(မန္တလေး)သို့ ရောက်ရှိပြီး သင်တန်းသားကလေးငယ်များ၏ အသက်မွေးဝမ်းကြောင်း ပညာရပ်များဖြစ်သော စက်ချုပ်သင်တန်း၊ ပန်းကုံးညှပ်သင်တန်း၊ ဝါးလက်မှုလုပ်ငန်း၊ ဆံပင်ညှပ်သင်တန်းနှင့် လမ်းပေါ်နေ ကလေးငယ် သင်တန်းသားလူငယ် (၁၄)ဦးတို့၏ ဆိုင်ကယ် စက်ပြင်သင်တန်း ဆောင်ရွက်နေမှုများ၊ သင်တန်းသားများ၏ ထမင်းစားဆောင်၊ အိပ်ဆောင်နှင့် ဆေးပေးခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများ၊ သင်တန်းသားလူငယ်များနှင့်သီးခြားစီတွေ့ဆုံပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events