နေပြည်တော်၊ ၂၇-၁၂-၂၀၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင် ဥက္ကဌဦးဝင်းမြဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံပါ သည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ဦးဆောင်၍ ရခိုင်ပြည်နယ်၊ မောင်တော ဒေသသို့ ဒီဇင်ဘာလ(၁၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်းသွားရောက်လေ့လာခဲ့စဉ် တွေ့ရှိရသည့် အနေအထားများ၊ အစိုးရ၏ ဆောင်ရွက်ချက် များနှင့်သတင်းများကို ပြင်ပမှ သေချာမသိကြ၍ နေရပ်စွန့်ခွာပြည်သူများ၏ စိုးရိပ်ကြောင့်ကြမှုများ ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ သွားရောက် လေ့လာခဲ့စဉ်အချိန်က ပြည်တွင်းရှိနေရပ်စွန့်ခွာအစ္စလာမ်ဘာသာဝင်မိသားစုများ၊ ရခိုင်တိုင်းရင်းသားများ၊ လူနည်းစုတိုင်းရင်းသားများအတွက် စီစဉ်ဆောင်ရွက်နေမှုများကိုပီပြင်စွာတွေ့မြင်ရသော်လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ပြန်လည်လက်ခံရေး အဆင်သင့်မဖြစ်သေးမှုကိုတွေ့ရှိခဲ့ရသဖြင့် အစိုးရ၏စီစဉ်ဆောင်ရွက်ထားမှု တိုးတက်မှုအခြေအနေများသိလို၍ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏တွေ့ရှိချက်အစီရင်ခံစာကိုကော်မရှင်၏လုပ်ထုံးလုပ်နည်းအရ နိုင်ငံတော်သမ္မတထံတင်ပြထားပါကြောင်း၊ ယင်းအစီရင်ခံစာတွင် လိုအပ်သည့် အကြံပြုချက်များဖော်ပြထားပါကြောင်း တင်ပြဆွေးနွေးပါသည်။
` ပြည်ထောင်စုဝန်ကြီးက အဆိုပါလေ့လာခဲ့သည့်ကာလနှင့် ယခုကာလအခြေအနေမတူတော့ကြောင်း၊ ယခုအခါ လုပ်ငန်းများ တိုးတက်မှု ရှိနေပြီဖြစ်ပါကြောင်း၊ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ၌ လည်းကောင်း၊ ရေလမ်းမှ ပြန်လည် ဝင်ရောက်လာမည့်သူများအတွက် ငါးခူရတွင်လည်းကောင်း ပြန်လည်လက်ခံရေးစခန်း(၂)ခုတည်ဆောက်ထားနေမှု၊ အဆိုပါ ပြန်လည် လက်ခံရေးစခန်းတွင် (၁)ည မှ (၂)ရက်ခန့်သာ ခေတ္တနေပြီးအိမ်ရှိသူများအနေဖြင့် ၎င်းတို့အိမ်ရာများသို့ တိုက်ရိုက်ပြန်နိုင်ပြီး အိမ်မီးလောင် သွားသူများအနေဖြင့် (၈)ခန်းတွဲယာယီတဲတန်းလျားတွင် ခေတ္တနေထိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ အိမ်ပြီးစီးပါက ပြောင်းရွှေ့နိုင် မည်ဖြစ်ကြောင်း၊ အဆိုပါယာယီစခန်းတွင်နေထိုင်စဉ် ဝန်ကြီးဌာနကစားသောက်ရေးစီစဉ်ပေးထားမည်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့ စတင်နိုင်ရန် စီစဉ်နေပါကြောင်း၊ ဦးစွာဘင်္ဂလားဒေ့ရှ်ဘက်ရောက်ရှိသွားသည့် ဟိန္ဒူလူမျိုး (၄၅၀)ကျော် ပြန်လည် လက်ခံရန်ရှိပါကြောင်း၊ ယာယီစခန်းတွင်နေထိုင်စဉ် အိမ်ရာဆောက်လုပ်ရေးတွင်ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် Cash for Work အစီအစဉ်ဖြင့် ဝင်ငွေလည်းရနိုင်မည်ဖြစ်ပါကြောင်း၊ အချိန်မီလက်ခံနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အလှူရှင်ကုမ္ပဏီများ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းဆွေးနွေးခဲ့ပါသည်။
ကော်မရှင်ဥက္ကဌကအစိုးရ၏လုပ်ဆောင်ချက်များကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများကသိရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ အထူး သဖြင့် ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ဆောင်ရွက်ထားရှိသည့် အစီအစဉ်များကိုပွင့်လင်းမြင်သာစွာ သတင်းဖြန့်စေလိုကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MSWRR